မွန်ပြည်နယ်အတွင်း ယမန်နှစ်ကထက် မြေသြဇာ စျေးနှုန်းကျဆင်းလာသော်လည်း ဝယ်သူအေးစက်လျက်ရှိကြောင်း အရောင်းအဝယ်လုပ်သူတို့၏ ပြောပြချက်အရ သိရသည်။
“ဒီနှစ်မြေသြဇာစျေးကျတယ်၊ ဝယ်တဲ့သူတွေလည်း နည်းတယ်၊ ဆိုင်မှာဆိုရင် အရောင်းအဝယ် သိပ်မကောင်းဘူး၊ ဒါပေမယ့် ပုံမှန်လောက်တော့ ရောင်းရတာပဲ၊ မနှစ်ကဆို မြေသြဇာ စျေးကြီးလို့ ဝယ်သူတွေ နည်းတယ်၊ ထားပါတော့ ဒီနှစ်ကျတော့ မြေသြဇာ စျေးကျသော်လည်း ဝယ်သူက နည်းနေတုန်းပဲ” ဟု မုဒုံမြို့မှ မြေသြဇာ ရောင်းသူ ဆိုင်ရှင်တစ်ဦးက ပြောသည်။
၄င်းက ဆက်ပြောသည်မှာ မြေသြဇာ စျေးကျပြီး ဝယ်သူနည်းပါးလာသည်မှာ စီးပွားရေးကျဆင်းမှုကြောင့်ဖြစ်သည်။ ယမန်နှစ်က ရာဘာစျေး တဝက်ခန့်ကျသွားပြီးနောက် ရာဘာခြံလုပ်သူများက အဝယ်နည်းလာခြင်းဖြစ်သည်။ အခုနောက်ပိုင်း ထိုင်းမှ ကုန်သည်များ မြေသြဇာ တင်သွင်းလာခြင်းကြောင့် ဆိုင်မှာလာဝယ်သည့် နည်းပါးလာခြင်းလည်း ဖြစ်နိုင်သည်။
ယမန်နှစ်က ထိုင်းနိုင်ငံမှ (၁၅) ပတ်လည်အမျိုးအစားဟုခေါ်သည့် (၅ဝ) ကီလိုဂရမ် မြေသြဇာ တစ်အိတ်လျင် (၇) သောင်းကျပ်ပေးရသည်ကို ယခုနှစ်အတွင်း (၄) သောင်း (၆) ထောင်ကျပ်ထိကျဆင်းသွားပြီး၊ ပုလဲအမျိုးအစားဟုခေါ်သည့် မြေသြဇာကလည်း တစ်အိတ်လျင် (၄) သောင်းကနေ (၃) သောင်းထိကျဆင်းသွားသည်။
“မနှစ်ကနဲ့စာရင် မြေသြဇာ စျေးကျလာလည်းပဲ ရာဘာစျေးမကောင်းတဲ့အတွက်ကြောင့် မြေသြဇာအများကြီး မဝယ်နိုင်ဘူး၊ ရာဘာကောင်းဖို့အတွက်တော့ ထည့်ရမှာပဲလေ ဒါပေမယ့် စျေးကြီးရင် နည်းနည်းပဲ ထည့်ရမှာပေါ့” ဟု မုဒုံမြို့နယ်မှ ရာဘာခြံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မွန်ပြည်နယ်သည် လယ်ယာလုပ်ကိုင်ခြင်း၊ ရာဘာခြံစိုက်ပျိုးခြင်းတို့ဖြင့်အဓိက စီးပွားရေးလုပ်ကိုင်နေကြသည့်အလျောက် ခြံထွက်တိုးမြှင့်ရန်အတွက်လည်း မြေသြဇာ ကို အဓိကထားကြသည်။
“ရာဘာခြံမှာထည့်ဖို့အတွက် မြေသြဇာ (၄) သိန်းဖိုးကျော်ဝယ်လိုက်တယ််၊ စျေးကလည်းကြီးတယ်၊ မထည့်လို့လည်း မရဘူး၊မြေသြဇာထည့်ပေးမှ ရာဘာစေးပိုထွက်မယ်၊ အပင်ထွားလာမယ်၊ ဒါကြောင့် ပိုက်ဆံမရှိလည်း မြေသြဇာထည့်တဲ့အချိန်ဆိုရင် ရှာကြံပြီး ထည့်ရတာပဲ” ဟု ၄င်းရာဘာခြံပိုင်ရှင်က ပြောသည်။
တရုတ်နိုင်ငံမှ တင်သွင်းနေသည့် ပုလဲအမျိုးအစားမြေသြဇာလည်း ယမန်နှစ်က တစ်အိတ်လျင် (၂) သောင်း (၇) ထောင်ကျပ်မှ ဒီနှစ်အတွင်း တစ်အိတ်လျင် (၁) သောင်း (၉) ထောင်ထိ ကျဆင်းသွားသည်။
ယမန်နှစ်က မြေသြဇာစျေးနှစ်ဆနီးပါး တက်သွားပြီးနောက် လယ်လုပ်သမားများအပါအဝင် ခြံလုပ်သူအများစုက နွားချေး၊ လင်နို့ချေး၊ ဝက်ချေး အစရှိသည့် သဘာဝမြေသြဇာများကို အားထားအသုံးပြုလာကြသည်။
“မနှစ်က မြေသြဇာ စျေးကြီးတော့ လယ်မှာ မြေသြဇာ များများမသုံးနိုင်ဘူး၊ ကျမတို့က သဘာဝမြေသြဇာဖြစ်တဲ့ နွားချေးတွေပဲ အသုံးများတယ်” ဟု လယ်မြေ (၂၇) ဧက ပိုင်သည့် ပဲခူးမှ လယ်ပိုင်ရှင်တစ်ဦးက ပြောသည်။
လယ်မြေတစ်ဧကအတွက် မြေသြဇာ အသုံးပြုနှုန်း၏ လိုအပ်ချက်သည် (၅ဝ) ကီလိုဂရမ်အိတ် (၄) အိတ်ဖြစ်သည်။ လယ်ယာမြေတစ်ဧက၏ စပါးအထွက်နှုန်းသည် မြေသြဇာအသုံးပြုပါ တင်း (၅ဝ) ထိထွက်ရှိပြီး၊ မြေသြဇာ အသုံးပြုမှုနည်းပါက တစ်ဧကလျှင် တင်း (၃ဝ) ကျော်ကျော်သာထွက်ရှိသည်ဟု မုဒုံမြို့နယ်တဝိုက်ရှိ လယ်ယာလုပ်သူများက ပြောသည်။
“မြေသြဇာစျေးကျတာဟာ ကောင်းတာပေါ့၊ လယ်မှာပိုထည့်နိုင်တာပေါ့၊ မြေသြဇာစျေးကြီးတော့ လျော့ထည့်ရတယ်၊ စပါးအထွက်လည်း မကောင်းဘူး” ဟု မုဒုံမှ လယ်သမားတစ်ဦးက ပြောသည်။