မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ လွတ်မြောက်နယ်မြေ (MNDF-LA) မှ ၁၉၉ဝ အထွေထွေရွေးကောက်ပွဲ နှစ်ပတ်လည် အစီရင်ခံစာ တစ်စောင်ကို ယနေ့ထုတ်ပြန်လိုက်သည်။
၁၉၉ဝ ရွေးကောက်ပွဲသည် တရားမျှတသော ရွေးကောက်ပွဲဖြစ်သော်ငြားလည်း ရွေးကောက်ပွဲ၏ ရလာဒ်ကို အကောင်အထည်မဖော်နိုင်ပဲ စစ်အစိုးရသာ ဆက်လက်အုပ်ချုပ်နေသောကြောင့် နိုင်ငံအတွင်း ပြဿနာ အမှားအယွင်း တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေသေသည်။
လူမျိုးစုပြဿနာသည် ရှေ့တန်းမှ ပါဝင်နေ၍ လူမျိုးစုအရေးကို ဖြေရှင်းရန် ဒေါ်အောင်ဆန်း စုကြည်မှလွဲ၍ မည်သူတဦးတစ်ယောက်မှ ဖြေရှင်းနိုင်မည် မဟုတ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ရန် ကျွနု်ပ်တို့အဖွဲ့မှ တိုက်တွန်းပါသည်ဟု အစီရင်ခံစာတွင် ဖော်ပြထာသည်။
“ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုရတယ်ဆိုတော့ ၁၉၉ဝ တုန်းက စစ်အစိုးရက နိုင်ငံရေးအသင်းအဖွဲ့ပေါင်း (၁ဝဝ) လောက်ကို မေးဖူးတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဘယ်လိုဖြေရှင်းရမလဲ၊ ဘယ်သူဖြေရှင်းနိုင်မလဲ ဒီလိုမေးခွန်းကို မေးတယ်။ အဖွဲ့အားလုံးက ဒေါ်စုကိုပဲ ထောက်ခံပြီး ၄င်းပြောသမျှကို လက်ခံနိုင်ခဲ့တယ်” ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ လွတ်မြောက်နယ်မြေမှ အထွေထွေအတွင်းရေးမှူး နိုင်ဥဿာက ပြောသည်။
ဆက်လက်၍ ဖော်ပြထားသည်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေံဥပဒေသည် လူမျိုးစုများတို့၏ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်မရှိသည့်အပြင် အနာဂတ်တွင် လူမျိုးစုပပျောက်ရေးကိုသာ ဦးတည်နေသော အခြေခံဥပဒေဖြစ်သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲသည်လည်း စစ်အစိုးရအား တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုသော ရွေးကောက်ပွဲပင်ဖြစ်၍ ရွေးကောက်ပွဲဝင်မိပါက မိမိတို့သေတွင်းကို မိမိတို့ တူးနေသူများဟု မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ) မှ ရှုမြင်ကြောင်း ဖော်ပြထားသည်။
ယခု စစ်အစိုးရရေးဆွဲထားပြီးဖြစ်သော အခြေခံဥပဒေကို ပြင်ဆင်မှုမရှိပဲ ၄င်းတို့ကျင်းပသော ရွေးကောက်ပွဲကို ဝင်မည့် မည်သည့်မွန်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမဆို အမျိုးသားသစ္စာဖေါက်အဖြစ် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) မှ ရှုမြင်ပါသည်ဟု ဖော်ပြထားပါသည်။
ယခုထုတ်ပြန်ကြေညာချက်သည် မွန်ပြည်သူအပေါင်းတို့ စစ်အစိုးရနှင့် မပူပေါင်းရန်၊ အပြတ်ဆန့်ကျင်ရန်နှင့် စစ်အစိုးရ အင်အားဖြစ်စေသော မည်သည့်နိုင်ငံရေး လုပ်ဆောင်မှုမဆို ရှောင်ကြဉ်ကြပါရန် ရည်ရွယ်၍ ထုတ်ပြန်ထားသည်ဟု နိုင်ဥဿာက ပြောသည်။