ထိုင်းမြန်မာနယ်စပ်ဒေသဖြစ်သော ဘုရားသုံးဆူမြို့တွင် ဝမ်းရောဂါ၊ သွေးးလွန်တုတ်ကွေးရောဂါများ စတင်ဖြစ်ပွားနေသည်ဟု သိရသည်။ တစ်ရက်လျှင် လူဦးရေ ၂ဝ ဦးခန့် ဆေးခန်းသို့ သွားနေရသည်ဟု ဘုရားသုံးဆူမြို့မှ ဆေးဝန်ထမ်းတစ်ဦးက ဆိုသည်။
“ခလေးတွေတုတ်ကွေးရောဂါ အဖြစ်များတယ်၊ လူကြီးတွေကျတော့ အပြင်အလုပ်လုပ်ပြီး အပြင်ထမင်း စားတဲ့သူတွေ အများအားဖြင့် ဒီရောဂါဖြစ်ကျတယ်၊ တစ်နေ့ တစ်နေ့ဆေးခန်းကို သွားနေတဲ့သူ များတာပဲ” ဟု မြို့ခံတစ်ဦးက ပြောသည်။
၄င်းရောဂါသည် ယခုလဆန်းတွင် စတင်ဖြစ်ပွားခဲ့သည်။ ရာသီဥတု ပြောင်းလဲခြင်း၊ အမှည့်လွန်သစ်သီးများကို စားခြင်းတို့မှ ရောဂါစတင်ဖြစ်ပွားခဲ့သည်ဟု ၄င်းမြို့ခံများက ပြောကြသည်။
လွန်ခဲ့သော ရက်သတ္တတစ်ပတ်ခန့်တွင် အစိုးရကျန်းမာရေးဌာနမှ မြို့ပေါ်တွင် ခြင်ဆေးများ ဖြန်းပေးခဲ့သည်ဟု သိရသည်။ သို့သော် ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ရမည့် သတိပေးတားမြစ်နှိုးဆော်မှုများ ပြုလုပ်ပေးခြင်း မရှိခဲ့ပေ။
“သူတို့အဖွဲ့တွေ ခြင်ဆေး ၁ ရက်ပဲ မြို့ပေါ်ကို လာဖြန်းသွားတယ်၊ ရွာဘက်ခြမ်းတို့ ရပ်ကွက်ငယ်တွေဘက်ကျတော့ မဖြန်းဘူး၊ ဒီအတိုင်းလုပ်သွားလို့ ခြင်ကကုန်သွားမှာ မဟုတ်ဘူး၊ သူတို့တာဝန်ရှိလို့ လုပ်နေတာ၊ ပြည်သူတွေကို ဂရုစိုက်လို့ မဟုတ်ဘူး” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။
ခလောက်ခနီရွာရှိ ဒုက္ခသည်များစခန်း (Camp) တွင်လည်း လွန်ခဲ့သည့်နှစ်ရက်မှ သွေးလွန်တုတ်ကွေးရောဂါ စတင်ဖြစ်ပွားနေပြီး၊ ၄င်းဒုက္ခသည်စခန်းမှ တာဝန်ရှိသူများက ဆေးဝါးများထုတ်ဝေပေးပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပေးနေသည်ဟု ၄င်းဒေသရှိ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။
ယမန်နေ့တွင် ဝင်္ကရွာမှ မွန်ဆေးမှုထမ်းဟောင်းတစ်ဦးနှင့် ဗလိုက်ဒွန်ဖိုက်ရွာရှိ ဆေးဝန်ထမ်းများ ဦးဆောင်ပြီး ရာသီဥတုအပြောင်းအလဲတွင် ဖြစ်ပွားတတ်သော ဝမ်းရောဂါ၊ တုတ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြားသော ကြက်တုတ်ကွေး၊ ဝက်တုတ်ကွေး၊ HIV စသည့်ရောဂါများ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ပညာပေးနှိုးဆော်မှုများ ပြုလုပ်ပေးခဲ့သည်။
“ကျမတို့အဖွဲ့က ဒီလိုပညာပေးဆွေးနွေးပွဲတွေကို နှစ်တိုင်းပြုလုပ်ပါတယ်၊ စုစုပေါင်း နယ်စပ်ဒေသရွာ ၁၄ ရွာကိုသွားတယ်၊ အခုဆိုရင် ၈ ရွာပြီးသွားပြီ၊ အခုအဖွဲ့သားတွေ ခရီးလွန်နေတဲ့အတွက် ဘုရားသုံးဆူဘက်ခြမ်းကို မသွားရသေးဘူး” ဟု ပြည်သူများ ကျန်မာရေးအဖွဲ့မှ ၄င်းဆေးမှုထမ်းဟောင်းက ပြောသည်။