ကွမ်လှာနှင့် ရောင်းဒေါင်းရွာကြား ကားလမ်းပေါ်ရှိ အမည်မသိသေနတ်သမားတစ်စုက မွန်ပြည်သစ်ပါတီ ကော်မတီဝင်တစ်ဦးကို ယမန်နေ့ ညနေတွင် ပစ်ခတ်ခဲ့သည်။
ယမန်နေ့ညနေ ၆ နာရီ မိနစ် ၄၀ တွင် မွန်ပြည်သစ်ပါတီကော်မတီဝင်တစ်ဦးဖြစ်သူ နိုင်ရာဇာသည် ၄င်းတာဝန်ကျရာ မော်လမြိုင်ဘက်မှ ကွန်လှာကျေးရွာ မုဒုံမြို့နယ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာရာ ကွမ်လှာကျေးရွာ (သံဖြုဇရပ်မြို့နှင့် ၂ မိုင်ခန့်) နှင့်ရောင်းဒေါင်းကျေးရွာကြား အဝေးပြေးလမ်းမပေါ်ရှိ သံဖြူဇရပ်မှ မော်လမြိုင်မြို့အတက်ဘက် ဆာပ် (SURF) ကားထဲတွင် အမည်မသိ သေနတ်သမားတစ်စုမှ သေနတ်ဖြင့် ၆ ချက်ပစ်ခတ်ခဲ့သည်ဟု အမည်မဖော်လိုသူ မွန်ပြည်သစ်ပါတီဝင်တစ်ဦးက ပြောပြခဲ့သည်။
“ကားက မော်လမြိုင်ကိုအတက်၊ သူကမော်လမြိုင်ဘက်ကအဆင်းပေါ့၊ ရောင်းဒေါင်းနဲ့ ကွမ်လှာရွာကြားမှာ ဆာပ်ကားထဲကနေပြီးတော့ သူ့ကို ခြောက်ချက်ပစ်လိုက်တယ်” ၄င်းက ပြောသည်။
ယင်းသို့ သေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်ခံရသော်လည်း နိုင်ရာဇာသည် ကံကောင်းထောက်မစွာပင် ဒဏ်ရာတစ်စုံတစ်ရာ ထိခိုက်ခြင်းမရှိဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။
“သေနတ်သံ ခြောက်ချက်တိတိကြားရတယ်၊ သေနတ်သံက သိပ်ပြီးတော့ မကျယ်ဘူး၊ ဘာသေနတ်နဲ့ ပစ်တာတော့ မသိဘူး၊ ဒါပေမယ့် ဘာဒဏ်ရာမှ ထိတာမတွေ့ရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
လုပ်ကြံသူမှာ မည်သူမည်ဝါ ဖြစ်သည်ကိုမူ ယခုအချိန်မသိရှိသေးပဲ စုံစမ်းနေဆဲပင် ဖြစ်သည်ဟု ပါတီဝင် အရာရှိတစ်ဦးက ပြောသည်။