မြဝတီအာဏာပိုင်များ DKBA အပေါ် အပြစ်မယူရဲ

မြဝတီအာဏာပိုင်များ DKBA အပေါ် အပြစ်မယူရဲ
by -
ဟွန်းဟကောင်း
မြဝတီမြို့တွင် မတ်လ ၁၁ ရက်နေ့၌ DKBA တပ်ရင်း (၉၀၇) မှ မောင်းနှင်လာသော ဟိုင်းလပ်(စ်) ကားနှင့် ဆိုက္ကားတစ်စီးတို့ တိုက်မိကြပြီး ဆိုက္ကားဆရာနှင့် စီးနင်းလိုက်ပါခဲ့သူ တစ်ဦးတို့သည် နှစ်ဦးစလုံး သေဆုံးသွားခဲ့သော်လည်း ယခုအချိန်ထိပင် ယင်းကားသမားကို မည်သူတစ်ဦး တစ်ယောက်မျှ ဖမ်းဆီးအပြစ်ယူခြင်း မရှိသေး ...

မြဝတီမြို့တွင် မတ်လ ၁၁ ရက်နေ့၌ DKBA တပ်ရင်း (၉၀၇) မှ မောင်းနှင်လာသော ဟိုင်းလပ်(စ်) ကားနှင့် ဆိုက္ကားတစ်စီးတို့ တိုက်မိကြပြီး ဆိုက္ကားဆရာနှင့် စီးနင်းလိုက်ပါခဲ့သူ တစ်ဦးတို့သည် နှစ်ဦးစလုံး သေဆုံးသွားခဲ့သော်လည်း ယခုအချိန်ထိပင် ယင်းကားသမားကို မည်သူတစ်ဦး တစ်ယောက်မျှ ဖမ်းဆီးအပြစ်ယူခြင်း မရှိသေးပေ။

သေဆုံးသူနှစ်ဦးမှာ မြဝတီဆေးရုံကြီးမှ ဆေးရုံအလုပ်သမားများ ဖြစ်ကြပြီး ယင်းသူ ငယ်ချင်းနှစ်ဦးတို့သည် ည ၉ နာရီကျော်ကျော်အချိန်တွင် ထိုနေ့၌ပင် အသစ်ဝယ်ယူထားသော ဆိုက္ကားကို ဆေးရုံလမ်းမှ နင်းထွက်လာပြီး အာရှလမ်းအကွေ့တွင် ကားတစ်စီး ကွယ်ရပ်ထား သည်ကို ကွေ့ရှောင်ပြီးကျော်ထွက်ရာတွင် တဖက်မှ အရှိန်ဖြင့် မောင်းနှင်လာသော ဟိုင်းလပ်(စ်) ကားသည်လည်း ရှေ့မီးတစ်ဖက် ပျက်နေသောကြောင့် အချိန်မီ ဘရိတ်မအုပ် နိုင်၍ မြကျွန်းသာ လ္ဘက်ရည်ဆိုင်ရှေ့တွင် တိုက်မိကြကာ ထိုင်စီးလာသော သူငယ်ချင်းမှာ ထိုနေရာ၌ပင် ဒဏ်ရာနှင့်လွင့်စင်ကျကျန်ခဲ့‎ပြီး ဆိုက္ကားဆရာမှာ ကားနှင့်အတူ ပေ ၁၀၀ ကျော်မျှ ပါသွားခဲ့ရာ ယင်းနေရာ၌ပင် နံရိုးများ ကျိုးကြေအက်ကွဲပြီး ပွဲချင်းပြီး သေဆုံးသွား ခဲ့သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

ပြုတ်ကျကျန်ခဲ့သည့် သူငယ်ချင်းကို မြဝတီဆေးရုံကြီးသို့ တင်ဆောင်သွားခဲ့သော်လည်း ဒဏ် ရာပြင်းထန်သောကြောင့် ဆေးရုံမှ လက်မခံနိုင်တော့သဖြင့် ထိုင်းဘက်ကမ်းရှိ မဲဆောက်ဆေး ရုံသို့ တင်ဆောင်သွားစဉ် လမ်းခရီး၌ပင် သေဆုံးသွားသည်။ ယာဉ်တိုက်မှု ဖြစ်ပွားစဉ်တွင် မြဝတီမြိို့ပေါ်မှ မော်တော်ဆိုင်ကယ် အငှားယာဉ်မောင်းသူများ၊ ဆိုက္ကားနင်းသူများနှင့် လမ်း သွားလမ်းလာများ စုရုံးရောက်ရှိလာပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့၍ ယာဉ်ထိန်းရဲများ နှင့် DKBA မှ တာဝန်ရှိသူများ ရောရှိလာခဲ့ကြသည် ဟု အထက်ပါ မျက်မြင်သက်သေက ပြောသည်။

DKBA တပ်မဟာ ၉၀၇ မှ အရာရှိ ၂ ဦးနှင့် နောက်လိုက်ငယ်သားများသည် လက်နက်အပြည့် အစုံဖြင့် ရောက်ရှိလာကြကာ ယင်းတို့၏ ကားသမားကို ဖမ်းဆီးလိုလျှင် မျက်မြင်သက်သေ ၅ ဦး ရှာပေးရမည် ဖြစ်ပြီး အကယ်၍ ၅ ဦး ပြည့်ခဲ့လျှင် ၎င်းတို့၏ ကားသမားကို ဖမ်းဆီးရန် ခွင့်ပြုမည်ဖြစ်ကာ ၅ ဦး မပြည့်ခဲ့လျှင် ယင်းကားသမားကို ၎င်းတို့ ပြန်လည်ခေါ်ဆောင်သွား မည်ဟု ပြောထားခဲ့သည်။ သို့သော် မျက်မြင်သက်သေ ၂ ဦးသာထွက်ရဲကြပြီး ကျန်ရှိသူများမှာ မည်သူ တစ်ဦးတစ်ယောက်မျှ မထွက်ရဲကြသောကြောင့် ၎င်းတို့၏ကားသမားကို ပြန်လည် ခေါ်ဆောင် သွားခဲ့ကြသည်ဟု ယင်းအဖြစ်အပျက်ကို တွေ့မြင်ခဲ့သော မြို့ခံတစ်ဦးက ပြော သည်။

“အဲဒီနေရာကို ယာဉ်ထိန်းရဲတွေရော ပြည်သူ့ရဲတွေရော ရောက်လာပေမယ့် ဘာမှမပြောရဲ ကြဘူး၊ တခြားနေရာတွေမှာဆိုရင် လိုင်စင်မရှိလို့ဖမ်းတာနဲ့ ဦးထုပ်မဆောင်းလို့ဖမ်းတာနေတဲ့ ယာဉ်စည်းကမ်း ထိန်းသိမ်းနေတယ်ဆိုတဲ့ ယာဉ်ထိန်းရဲတွေက အခုလူ့အသက် ဆုံးရှုံးသွား တာတောင် ဘာမှမပြောရဲကြဘူး” ဟု ယင်းမြို့ခံက ပြောသည်။

မြဝတီမြို့ပေါ်ရှိ ပြည်သူများသည် ထိုကိစ္စနှင့် ပတ်သက်ပြီး တစ်ဦးတစ်ယောက်မျှ မကျေမနပ် ဖြစ်နေကြရသော်လည်း မြဝတီမြို့ပေါ်ရှိ DKBA တို့၏ သြဇာလွှမ်းမိုးမှုကို အာဏာပိုင်များပင် မလွန်ဆန်နိုင်သောကြောင့် ၎င်းတို့က ငြိမ်ကုပ်နေရသည်ဟု မြို့ခံများက လဘက်ရည်ဆိုင်များ တွင် ပြောဆိုနေကြသည်ကို ကြားသိခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

ဤအကြောင်းအရာနှင့် ပတ်သက်ပြီး မြဝတီတရားရုံးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန် လည်ဖြေကြားရန် ငြင်းဆိုခဲ့သည်။ သို့သော် တရားရုံးရှိ တာဝန်ရှိသူများနှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ ယင်းတရားခံကို တရားခံပြေးအဖြစ် သတ်မှတ်ထားသည်ဟု ကြားသိရသည်။

Most read this week