မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့တွင်းရှိ လမ်းမကြီးကို ကတ္တရာအဖြောင့်လမ်း ခင်းရန်အတွက် ယင်းအဖြောင့်လမ်းမကြီး တိုးချဲ့ဖောက်လုပ်ရာတွင် ငြိစွန်းနေသော အိမ်ခြေများကို ဖြိုဖျက်ပေးရန် ခေါ်ဇာမြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်မိုးမှ အမိန့်ထုတ်ထားသည်ဟု ဒေသခံတို့က ပြောသည်။
ယခင်ကမူ လမ်းမကြီးမှာ မြေနီလမ်းသာဖြစ်ပြီး ကတ္တရာခင်းပြီး လမ်းချဲ့ရာတွင် အိမ်အများစုမှာ အိမ်ရှေ့ကပြင်တစ်ခုလုံးနီးပါး လမ်းချဲ့ရန်အတွက် ဖြိုဖျက်ခံကြရပြီး တချို့မှာမူ တဝက်ခန့်ဖျက်ပေးရသည်။ လမ်းမကြီး၏အရှည်မှာ တမိုင်ခန့်ရှိသည်ဟု သိရသည်။
ယင်းသို့ လမ်းချဲ့ရန်အတွက် မယကဥက္ကဌတို့က အတင်းအဓမ္မ ဖြိုဖျက်ခိုင်းသော်လည်း ထိုအဖျက်ခံရသော အိမ်များအတွက် အစိုးရအာဏာပိုင်မှ လျော်ကြေးအနည်းငယ်မျှပင် ပေးခြင်းမရှိဟု ရွာသားများက ပြောသည်။
“အခု လောလောဆယ်တော့ အိမ်သုံးလေးလုံးလောက် ဖျက်စီးခံရတယ်၊ ဒါတောင်မှ လမ်းပြင်တာ တဝက်ပဲပြီးသေးတယ်၊ ရှေ့ဆက်ပြီးတော့ ဘယ်နှစ်လုံး ဖျက်စီးခံရမှာကိုတော့ မသိသေးဘူး” ဟု အိမ်ဖျက်ခံရသော ရွာသားတစ်ဦးက ပြောသည်။ လမ်းမကြီးကို လွန်ခဲ့သောတစ်လခန့်ကပင် စတင်ပြုပြင်ခဲ့ပြီး ယခုအခါ တစ်ဝက်ခန့်ပြီးနေပြီဟု ၄င်းရွာသားက ပြောပြခဲ့သည်။
အဖျက်ခံရသော အိမ်များမှ ကာလတန်ဖိုး သိန်း ၆၀ မှ သိန်း ၂၀၀ အထိရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ခေါဇာဒေသခံတို့မှာ အိမ်များကို ဖျက်စီးဆုံးရှုံးခံရရုံသာမက မြိုခံများကလည်း လမ်းမကြီးအတွက် တအိမ်လျှင် ကျောက် ၂ ကျင်း အိမ်တိုင်းပေးဆောင်ရမည်ဟု အာဏာပိုင်များမှ မြို့ခံများကို အတင်းအဓမ္မ စေခိုင်းခဲ့သည်။
“ကျေးရွာဖွံ့ဖြိုးရေးအတွက် လုပ်တာပဲ၊ ပြည်သူတွေလည်း လုပ်အားပေးပြီး ကူညီရမယ်” ဟု ခေါဇာအထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်မိုးမှ မြို့ခံများကို ပြောခဲ့သည်ဟု ဒေသခံတစ်ဦးက ၄င်းကြားသိရသည်အတိုင်း ပြောပြခဲ့သည်။
အလုပ်အကိုင်မအားလပ်လျှင် ကျောက် ၂ ကျင်းစာအတွက် ကားငှားပြီးဝယ်ယူနိုင်သည်ဟု ဒေသခံတို့က ပြောသည်။ ကျောက်ကျင်း တစ်ကျင်းလျှင် ၁၆၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး တတ်နိုင်သောမိသားစုများအတွက် ကျောက် ၂ ကျင်း စာအတွက် ၃၂၀၀၀ ကျပ်ပေးပြီး ဝယ်ယူနိုင်သော်လည်း မတတ်နိုင်သော မိသားစုများအတွက် ရွာပြင်ရှိ ကျောက်များကို ၂ ကျင်းပြည့်သည်အထိ ကောက်ယူခဲ့ရသည်ဟု ၄င်းက ပြောပြခဲ့သည်။
“ပိုက်ဆံရှိတဲ့သူတွေကျတော့ ပိုက်ဆံပေးပြီး ဝယ်လို့ရတာပေါ့၊ ပိုက်ဆံမရှိတဲ့မိသားစုတွေကျတော့ ရွာအပြင်ထွက်ပြီးတော့ ကောက်ရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
“သူတို့အလုပ်တွေချည်းပဲ လုပ်နေရတယ်၊ ကိုယ့်အလုပ်ကို လုပ်ဖို့တောင် အချိန်သိပ်မရှိဘူး၊ ငါတို့ဆင်းရဲသားတွေဘဝက် စားဝတ်နေရေးအတွက် တော်တော်အခက်အခဲဖြစ်တယ်’” ဟု ကျောက်ကျင်းသည့်အလုပ် လုပ်အားပေးခံရသော ဆင်းရဲသား အမျိုးသမီးတစ်ဦးက သူမ၏ အခက်အခဲကို ပြောပြခဲ့သည်။
ရေးမြို့နယ်တောင်ပိုင်း ခေါ်ဇာမြို့ခွဲနှင့် အနီးအနားရှိကျေးရွာများသည် စစ်တပ်တပ်ရင်းဝန်း ကျင်ရှင်း လင်းခြင်း၊ တံတားဆောက်ခြင်း၊ လမ်းဖောက်လုပ်ပြုပြင်ခြင်းကြောင့် ပြည်သူများသည် မကြာခဏ ဆိုသလို အတင်းအဓမ္မ လုပ်အားပေးခံခဲ့ရသည်။ ခေါ်ဇာမြို့ရှိ လက်သမားအဖွဲ့သည် စာသင် ကျောင်းပြုပြင်ပေးခြင်း၊ ဆေးခန်းပြုပြင်ခြင်းတွင် အာဏာပိုင်တို့က အတင်းအဓမ္မစေခိုင်းပြီး် စားစရိတ်ကအစ လုပ်အားခမရရှိဘဲ လုပ်ဆောင်ပေးရသည်ဟု ဒေသခံများမှ သိရသည်။