မြန်မာနိုင်ငံအတွင်း နိုင်ငံကူးလက်မှတ် ပြုလုပ်သူ နည်းပါးလာ

မြန်မာနိုင်ငံအတွင်း နိုင်ငံကူးလက်မှတ် ပြုလုပ်သူ နည်းပါးလာ
by -
ကွန်းဟဒေ့
ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ နိုင်ငံကူးလက်မှတ် ပြုလုပ်သူအရေအတွက် ယမန််နှစ်ကထက် သုံးပုံတစ်ပုံခန့် လျော့နည်းသွားပြီး အထူးသဖြင့် မလေးရှားနိုင်ငံရှိ စက်ရုံများတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် အလုပ်သမားများကို ခေါ်ယူရန် ခေတ္တရပ်ဆိုင်းထားခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့မှ ပွဲစားတစ်ဦးက ပြော...

ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ နိုင်ငံကူးလက်မှတ် ပြုလုပ်သူအရေအတွက် ယမန််နှစ်ကထက် သုံးပုံတစ်ပုံခန့် လျော့နည်းသွားပြီး အထူးသဖြင့် မလေးရှားနိုင်ငံရှိ စက်ရုံများတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် အလုပ်သမားများကို ခေါ်ယူရန် ခေတ္တရပ်ဆိုင်းထားခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့မှ ပွဲစားတစ်ဦးက ပြောသည်။

သို့သော် ၎င်း၏ ပြောပြချက်အရ မလေးရှားတွင် တရားမဝင်ဖြင့် ၀င်ရောက်လုပ်ကိုင်ခဲ့ဖူးသော အလုပ်သမားဟောင်းများသည် မိမိနေရပ်သို့ ပြန်လာကာ တရားဝင်နည်းလမ်းဖြင့် မလေးရှားနိုင်ငံသို့ ပြန်လည်ဝင်ရောက် အလုပ်လုပ်ရန် နိုင်ငံကူး လက််မှတ်များကို လုပ်ဆောင်နေကြသည်များလည်း ရှိသည်ဟု ဆိုသည်။

ရန်ကုန် passport ရုံးကို ဆက်သွယ်မေးမြန်းရာတွင် passport ပြုလုပ်သူနည်းသည် များသည် ဆိုတာကို သတိမထားမိကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီကို ဖြေဆိုခဲ့သည်။

“အဓိကကတော့ အညာဘက်က လူတွေ နိုင်ငံကူးလက်မှတ် လာလုပ်တာ ၅၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်၊ အညာသားတွေက အဓိကစက်ရုံမှာပဲ အလုပ်လုပ်တာများတယ်” ဟု ရန်ကုန်မြို့မှ အခြားပွဲစားတစ်ဦးက ပြောသည်။

၎င်း၏ ပြောပြချက်အရ မလေးရှားနိုင်ငံတွင် စက်ရုံ၊ ဝပ်ရှော့ နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး လုပ်ငန်းများတွင် အလုပ်သမားများခေါ်ယူမှုကို မလေးရှားမှ ရပ်ဆိုင်းထားသောကြောင့် အများအားဖြင့် စက်ရုံများတွင် အလုပ်လုပ်ကြသော အညာသားများအတွက် အလုပ်အကိုင်မရှိဟု ဆိုသည်။

စင်္ကာပူနိုင်ငံတွင်လည်း အလုပ်အကိုင်ရှားပါး၍ မြန်မာနိုင်ငံမှ အလုပ်သမားခေါ်ယူမှုကို လွန်ခဲ့သောသုံးလကတည်းက ရပ်ဆိုင်းထားပြီး ဆွေမျိုးအဆက်အသွယ်ဖြင့် သွားရောက်သူများအတွက် ရှိနေဆဲပင် ဖြစ်သည်ဟု ဆိုသည်။

“passport လုပ်တဲ့သူတွေ တော်တော်လေး နည်းနေသွားတာ passport ရုံးက နေပြည်တော်ကို ပြောင်းသွားပြီးလို့ ပထမက ကျနော်ထင်တာ ထင်နေတာ၊ အရင်တစ်ခါ ကျွန်တော် သွားလုပ်တုန်းက လူယောက် ၄၀၀ လောက်ရှိမယ်၊ အခုတစ်ခေါက် ကျွန်တော်သွားတော့ တစ်ရာဝန်းကျင်လောက်ပဲ ရှိမယ်” ဟု ဒီလအတွင်း passport သက်တမ်း သွားတိုးခဲ့သော လူငယ်တစ်ဦးက ပြောသည်။

ကမ္ဘာ့စီးပွားရေးကျဆင်းမှုဂယက်ကြောင့် အရှေ့တောင်အာရှ နိုင်ငံများတွင်လည်း ထိခိုက်ခဲ့သောကြောင့် မြန်မာနိုင်ငံ သားအများစု အလုပ်သွားရောက်လုပ်ကိုင်ရာ  မလေးရှား၊ စင်္ကာပူ၊ ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရှားပါးလာသော ကြောင့် အလုပ်ရှင်များမှာ အလုပ်သမားများကို လျှော့ချနေပြီး ယခင်ကအလုပ်သမားသုံးယောက် လုပ်ရမည့်နေရာတွင် ယခုအခါ အလုပ်သမားတစ်ဦးသာ  အလုပ်ရှင်မှ တာဝန်ယူစေပြီး ကျန်နှစ်ဦးကိုမူ အလုပ်ခွင််မှထုတ်ပစ်ခဲ့သည်ဟု မလေးရှားနိုင်ငံတွင် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ခဲ့သူများက ဆိုသည်။

Most read this week