လာမည့်တပို့တွဲလဆုတ် ၁ ရက်နေ့တွင် ကျရောက်မည့် ၆၂ ကြိမ်မြောက်မွန်အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့ပေါ်ရှိ မွန်လူမျိုးများသည် ညစာစားပွဲကို ရန်ကုန် Sedona Hotel တွင် ကျင်းပသွားမည်ဟု မွန်အမျိုးသားနေ့ဂုဏ်ပြုပွဲ ကျင်းပရေးကော်မတီမှ ကော်မတီ ၀င်တစ်ဦးက ပြောသည်။
အခမ်းအနားကို Sedona Hotel တွင် ညနေ ၆ နာရီကနေ ည ၉း၃၀ အထိ ကျင်းပသွားမည်ဖြစ် ပြီး ထိုအခမ်းအနားကို တက်ရောက်နိုင်ရန်အတွက် လက်မှတ်တစ်စောင်လျှင် ၁၅,၀၀၀ ကျပ် ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ မွန်ရိုးရာသီချင်းများ၊ မွန်ရိုးရာယဉ်ကျေးမှု အကများနှင့် ဖျော်ဖြေပြီး ဟင်းမျိုးအမည် ၈ မျိုးဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဟု ယင်းကော်မတီဝင်က ပြောသည်။
“တပို့တွဲလပြည့်နေ့မနက်ပိုင်းမှာ မွန်ဓမ္မာရုံမှာ ထမင်းနဲထိုးမယ်၊ ညနေ ၆ နာရီလောက်မှာ ရွှေတိဂုံဘုရား ပေါ်တက်ပြီးတော့ ရာမညပုညကာရီအဖွဲ့နဲ့အတူ ၀တ်ရွတ်ကြမယ်၊ တပို့တွဲ လဆုတ် ၁ ရက်နေ့ မနက်ပိုင်းမှာ သံဃာတွေကို ဆွမ်းကျွေးမယ်၊ နေ့ခင်းပိုင်းမှာ တိုင်းရင်းသား ကျေးရွာကိုသွားပြီးတော့ အဲဒီမှာ နေ့လည်စာ စားကြမယ်၊ အဲဒီကနေတဆင့် ညနေပိုင်းမှာ Sedona မှာ ပြန်ဆုံကြမယ်” ဟု မွန်အမျိုးသားနေ့ဂုဏ်ပြုပွဲ ကျင်းပရေးကော်မတီမှ တွဲဘက်အတွင်း ရေးမှူး မင်းစိုက်ထော က ပြောသည်။
“ကျွန်တော်တို့ ဒီနှစ် Sedona Hotel မှာ ကျင်းပရတာက ရန်ကုန်မြို့ပေါ်မှာ မွန်အမျိုးသားနေ့ ကို အရင်တုန်းကလို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခွင့်မရတော့ပေမယ့် ကိုယ့်ရဲ့နေ့ထူးနေ့မြတ် လေးမှာ ကို်ယ့်မွန်လူမျိုးတွေ အဆင့်အတန်းမြင့်မြင့်နဲ့ ပြန်လည်တွေ့ဆုံနိုင်ဖို့ ရည်ရွယ်ပြီးတော့ အခုလို စီစဉ်လိုက်တာ ဖြစ်တယ်” ဟု မွန်အမျိုးသားနေ့ဂုဏ်ပြုပွဲ ကျင်းပရေးကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သူ နိုင်မင်းအောင်က ပြောသည်။
မွန်အမျိုးသားနေ့သည် ရန်ကုန်မြို့ပေါ်တွင် လွန်ခဲ့သော ၁၉၉၅ ခုနှစ်ကတည်းကပင်် ရန်ကုန် ပဒုမ္မာကွင်းတွင် နောက်ဆုံးအကြိမ်ဖြင့် ကျင်းပခဲ့ရပြီးနောက်ပိုင်း ယခုတိုင် ပိတ်ပင်ခံထားရဆဲ ဖြစ်သည်။
ယခုနှစ်တွင် ကျရောက်မည့် ၆၂ ကြိမ်မြောက်မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို မွန်ပြည် နယ် ချောင်းဆုံမြို့နယ် ကမာမိုုကျေးရွာတွင် ကျင်းပသွားမည်ဖြစ်ပြီး မွန်အမျိုးသားနေ့ အထိမ်း အမှတ်ဆိုင်းဘုတ်ကို လွန်ခဲ့သောနှစ်ပေါင်း လေးရာခန့်မှ ယခုတိုင် ဒေါပုံမြစ်ဝတွင် နစ်မြုပ်နေ ဆဲဖြစ်သော ကြေးပိဿာချိန် ၁ သိန်း ၈ သောင်းခန့်ရှိသည့် မွန်ဘုရင် ဓမ္မစေတီမင်း၏ ကောင်းမှုတော် (အပိန္နဆောက်) ခေါင်းလောင်းပုံကို ထုတ်ဖော်အသုံးပြုထားသည်။