မီးလောင်သွားသည့် စျေးနေရာတွင် စျေးသစ်ပြန်ဆောက်ရန်ရှိ

မီးလောင်သွားသည့် စျေးနေရာတွင် စျေးသစ်ပြန်ဆောက်ရန်ရှိ
by -
မိရိုင်မရော့
မီးလောင်သွားသည့် မော်လမြိုင်အမှတ် (၁) စျေးကြီး အောက်စျေးနေရာတွင် ယာယီစျေး တည်ဆောက်ပေး နေပြီး၊ ဆိုင်ခန်း ၁၃၀၀ ကျော်ပါသည့် နှစ်ထပ်စျေးသစ် တည်ဆောက်ရန်အတွက် စည်ပင်သာယာရေးဌာနမှ ပြင်ဆင်မှုပြုလုပ်နေ ...

မီးလောင်သွားသည့် မော်လမြိုင်အမှတ် (၁) စျေးကြီး အောက်စျေးနေရာတွင် ယာယီစျေး တည်ဆောက်ပေး နေပြီး၊ ဆိုင်ခန်း ၁၃၀၀ ကျော်ပါသည့် နှစ်ထပ်စျေးသစ် တည်ဆောက်ရန်အတွက် စည်ပင်သာယာရေးဌာနမှ ပြင်ဆင်မှုပြုလုပ်နေသည်။

မီးလောင်ခံထားရသော ဆိုင်ခန်းပိုင်ရှင်များအတွက် စျေးကြီးအသစ်ပြန်ဆောက်လျှင် ကန်ထရိုက်တို့ကို ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၅၀ ပေးသွင်းရမည်ဖြစ်သည်။ အချို့ဆိုင်ရှင်များမှာမူ ငွေမပေးသွင်းနိုင်သော ကြောင့် တဆင့်ပြန်လည် ရောင်းချသည်များလည်း ရှိသည်။ ထိုဆိုင်ခန်းများကို ၀ယ်ယူသောသူများအတွက် ဆိုင်ခန်းများကို တရားဝင်နာမည်ပေါက်ဖြင့် စည်ပင်သာယာရေးကော်မတီမှာ ပြင်ဆင်ပေးမည် ဖြစ်သည်ဟု ဆိုင်ခန်း မီးလောင်ခံထားရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းအမျိုးသမီး ဆက်ပြောသည်မှာ “ခုလို မီးလောင်တဲ့အထဲမှာ အားလုံးပါသွားပြီးတော့ နောက်ထပ်ဆိုင်ခန်းအသစ် ထပ်ဝယ်ဖို့က တချို့ဆိုရင် အခက်အခဲတော့ရှိတယ်၊ မဝယ်နိုင်ကြဘူး။ တချို့ ဆိုင်ခန်း ၃/၄ ခန်းရှိတဲ့သူတွေဆိုရင် အပြင်လူနဲ့ တစ်ခန်းရောင်းလိုက်တယ်၊ အခုဆိုရင် ဆိုင်ခန်းတစ်ခန်းရဲ့ ပေါက်စျေးက သိန်း ၁၂၀ ရှိတယ်၊ တစ်ခန်းလောက်ရောင်းလိုက်လို့ရှိရင် ၂ ခန်းစာအတွက် သွင်းနိုင်တာပေါ့ ဟု ပြောသည်။

၄င်းမီးလောင်ခံထားရသည့် စျေးကွက်နေရာတွင် နှစ်ထပ်စျေးအသစ် တည်ဆောက်မည်ဖြစ်ပြီး စုစုပေါင်းဆိုင် ခန်း အရင်ကရှိခဲ့သည့် ဆိုင်ခန်းထက် အခန်း ၂၀၀ ပိုဆောက်ရန် စည်ပင်မှ စီစဉ်ဆောင်ရွက်နေသည်ဟု ငရုတ်သီးမှုန့်မျိုးစုံ ရောင်းနေသည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။

“မီးမလောင်ခင်က ဒီအောက်စျေးမှာ ဆိုင်ခန်း ၁၁၂၄ ခန်းကျော်ရှိတယ်၊ အခုအသစ်ပြန်ဆောက်မယ့်စျေးက တော့ မီးထဲပါသွားတဲ့ ဆိုင်ခန်းအရေတွက်ထက် အခန်း ၂၀၀ လောက်ရှိမယ်လို့ ပြောသံကြားတယ်၊ အဲဒီအခန်း ၂၀၀ က စျေးဆောက်မယ့် ကန်ထရိုက်ယူသူတွေအတွက်ဖြစ်တယ်” ဟု အထက်ပါငရုတ်သီးမှုန့် အရောင်းဆိုင်မှ အမျိုးသမီးက ပြောသည်။

“အားလုံးဟာ စည်ပင်ကနေ စီစဉ်နေတာဖြစ်တယ်၊ ဆိုင်ခန်းဆောက်ဖို့အတွက် ကန်ထရိုက်ယူမှာက ယခုထိ မသေချာသေဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ အခုပြောနေကြတာက ကန်ထရိုက်ယူမယ့်သူတွေက အပြိုင်အဆိုင် လုနေကြတယ်” ဟု ယင်းအမျိုးသမီးက ပြောသည်။

အသစ်ဆောက်လုပ်မည့် ဆိုင်ခန်းများအတွက် ကျပ်သိန်း ၅၀ ကို တစ်ခါတည်း ထည့်သွင်းစရာမလိုပဲ အရစ်ကျစနစ်ဖြင့် သုံးကြိမ်ခွဲပြီး ပေးဆောင်ရမည် ဖြစ်ပြီး ပြန်လည်တည်ဆောက် ပြီးသောအခါတွင် မိမိတို့ကြိုက်နှစ်သက်ရာ ဆိုင်ခန်းများကို ရွေးချယ်ခွင့်မရှိပဲ ကံစမ်းမဲစနစ်ဖြင့် ရွေးချယ်ဆုံးဖြတ်ပေးမည်ဟု သည်။

''အခုလောလောဆယ်မှာတော့ အဲဒီမီးလောင်ခံထားရတဲ့ စျေးကွင်းအတွင်းမှာ ကွင်းရဲ့ တဝက်လောက်က သစ်သားနဲ့ သွပ်မိုးထားတဲ့ ယာယီစျေးတည်ဆောက်ထားတယ်၊ အဲဒီယာယီစျေးအတွက် ဆိုင်ခန်းတစ်ခန်းဆိုရင် ၅ သောင်းပေးရတယ် အဲဒါက ယာယီစျေးရဖို့အတွက်ပဲ'' ဟု ဆိုင်ခန်းမီလောင်းခံရသည့် ပရိက္ခရာဆိုင်ရှင်တစ်ဦး က ပြောသည်။

မီးလောင်ခံရသည် ဆိုင်ခန်း ၁၁၂၄ ခန်းအနက် စည်ပင်ဘဏ်မှ ငွေချေးရယူထားသော အခန်း ၂၃၄ ခန်းသည် မြန်မာ့အာမခံလုပ်ငန်းတွင် မီးအာမခံထားသည့်အတွက် လာမည့်ဖေဖော်ဝါရီလတွင် အဆိုပါ အာမခံလျော်ကြေး ငွေရရှိမည်ဟု မော်လမြိုင်မြို့နယ်စည်ပင်ရုံးကို ကိုးကား၍ weekly eleven ဂျာနယ်တွင် ဖော်ပြထားသည်။

မော်လမြိုင်စျေးကြီး (အောက်စျေး) သည် ၂၀၀၈ ဒီဇင်ဘာလ ၁ ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး စျေးကြီးတစ်ခုလုံး မီးလောင်ကျွမ်းသွားခဲ့သည်။ ၄င်းအောက်စျေးတွင် ငါးပိုက်များ၊ ပရိက္ခရာဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်များနှင့် ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ပစ္စည်းများရောင်းချပြီး မော်လမြိုင်မြို့ပေါ်ရှိ အခြားသောစျေးများထက် ပစ္စည်းစုံလင်သည်ဟု မော်လမြိုင်မြို့ခံတို့က ပြောသည်။

Most read this week