မြဝတီမှ မော်လမြိုင်သို့ ပြေးဆွဲနေသော ထိုင်းကုန်ပစ္စည်းတင် ဟိုင်းလပ်(စ်) ကား ၆ စီးကို မော်လမြိုင်မြို့အဝင် အထ္ထရံတံထားမှာ အဖမ်းခံရသည်ဟု မြဝတီမှ ကုန်သည်တစ်ဦးက ပြောသည်။
''မြဝတီကနေ ဆင်းလာတဲ့ ဟိုင်းလပ်(စ်) ပစ္စည်းတင်ကား ၆ စီးလား၊ ရ စီးလားတော့ တိတိကျကျမသိဘူး၊ အဲဒီအထ္ထရံတံထားမှာ အဖမ်းခံထားရတယ်၊ ကားရော ပစ္စည်းရောပဲ ဖမ်းထားတယ်၊ ဒါပေမယ့် နောက် သူတို့ဘယ်လို လုပ်လဲတော့မသိဘူး လောလောဆယ်တော့ အာလုံးကို ဖမ်းထားတယ်'' ဟု မော်လမြိုင်မြို့မှ ကိုယ်တိုင်မြင်တွေ့ခဲ့သူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၄င်းက ဆက်ပြောသည်မှာ ပိုက်ဆံပေးနိုင်ပါက လူတော့ လွတ်နိုင်သော်လည်း ပစ္စည်းကတော့ ပြန်မရနိုင်ပေ။ ဖမ်းထားသောသူများ၏ ပြောပြချက်အရ ကုန်သည်များတင်သွင်းလာတဲ့ ပစ္စည်းတွေဟာ တရားမဝင်ပစ္စည်း တွေပါလာလို့ ဖမ်းတာ ဟု ပြောသည်။
“မြဝတီ ကုန်သည်အမျိုးသမီးတစ်ဦးရဲ့ ပစ္စည်းကား ၆ စီး အဖမ်းခံထားရတာက ကြားတယ်၊ ဒါပေမယ့် ဘယ်သူရဲ့ကားဖြစ်ပြီးတော့ ဆုံးရုံးမှုတန်ဖိုး ဘယ်လောက်ပါသွားတယ်ဆိုတာကိုတော့ ကျမတို့ လိုက်မေးနေ ဆဲပဲ” ဟု သူက ပြောသည်။
မြဝတီမှ မော်လမြိုင် မော်တော်ကား ပြေးဆွဲနေသူတစ်ဦး၏ ပြောပြချက်အရ “ကားဖမ်းတာတော့ကြားတယ် ဒါပေမယ့် ဘယ်နှစ်စီးလဲတော့ မသိဘူး၊ ကျနော်တို့ ဒီလိုပစ္စည်းတင်တဲ့ကားတွေ ဖမ်းတာ ခဏခဏကြံုတယ်၊
ကျနော်တို့လည်း ပစ္စည်းချတာပဲ ဂိတ်ရောက်ရင် ပိုက်ဆံပေးလိုက်ရင် သွားလို့ရတယ်၊ ဒါပေမယ့် အခမသင့်ရင်တော့ အဖမ်းခံရတယ်၊ တခါတလေ တရားမဝင်ပစ္စည်းပါတယ်ဆိုပြီးတော့ ဖမ်းတာလဲရှိတယ်၊ အများအားဖြင့် ပိုက်ဆံပေးရင် သွားလို့ရတယ် ဟု သူက ပြောသည်။ အခုတလော မော်လမြိုင်မြို့မှာ လိုင်စင်မဲ့ (without) ကားတွေ လိုက်ဖမ်းနေတယ် အဲဒါကြောင့်လားတော့ မပြောတတ်ဘူး” ဟု သူက ဆက်ပြောသည်။
“အဖမ်းခံထားရတဲ့ ကားတွေက ဟိုင်းလတ်ကားဖြစ်တယ်၊ ကားထဲမှာပါ တဲ့ပစ္စည်းတွေကတော့ အဓိကက ကားပစ္စည်းနဲ့ ဆီပုံးတွေဖြစ်တယ်၊ တန်ဖိုးတော့ မများဘူး၊ တစ်စီးဆိုရင် ၁၀ သိန်းနဲ့ ၁၅ သိန်းကြား လောက်ပဲ တန်ဖိုးရှိတယ်၊ အာဏာပိုင်တွေဖမ်းတာက ပစ္စည်းကြောင့်လား ကားကြောင့်လားတော့ မသိဘူး” ဟု ဝေါမြို့တွင် ပစ္စည်းအဖမ်းခံထားရဖူးသည့် ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။
၄င်းအဖမ်းခံထားရသည့် ပစ္စည်းတင်ဟိုင်းလတ်ကား ၆ စီးသည် KPF အဖွဲ့အစည်းဝင် မော်တော်ကားများဖြစ်ပြီး၊ ဖမ်းဆီးခံထားရသည့်ကားများကို KPF အဖွဲ့အစည်းမှ လိုက်လံဖြေရှင်းပေးနေပြီး နောက်ဆုံးအခြေနေကို မသိရ သေဘူးဟု ယင်းကုန်သည်အမျိုးသမီးက ပြောသည်။
လွန်ခဲ့သည့်၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှာလည်း မြဝတီမှ ပစ္စည်းတင်ကား ၅ စီး၊ စုစုပေါင်းတန်ဖိုး အနည်းဆုံး သိန်း ၈၀၀၊ ဝေါမြို့တွင် အဖမ်းခံရသည်။
မြန်မာစစ်အစိုးရတို့က ထိုင်းနိုင်ငံမှ မြန်မာပြည်အတွင်းသို့ နှစ်အတော်ကြာ တင်သွင်းရန် ကန့်သတ်ထားသည့် ကုန်ပစ္စည်းများကို ယခုနောက်ပိုင်း အချို့မှုန့်မှလွဲပြီး ကျန်ပစ္စည်းတွေဖြစ်သည့် ဆီ၊ အချိုရေများကို ဒဏ်ငွေပေးပြီး တင်သွင်းခွင့်ပြုနေသည်ဟု ဘီဘီစီ ညပိုင်းရေဒီယိုအစီစဉ်တွင် တင်ပြထားသည်။