သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်နှင့် ဝါခရူရွာတို့ရှိ ကြာကန်မူလတန်းကျောင်းတွင် ကျောင်းတက်နေသော ကျောင်းသား ၁၄ ဦးတို့သည် နေ့လည် မုန့်စားဆင်းချိန်တွင် ကြက်ဆူသီးစားမိ၍ ညနေ ၃ နာရီမှ ၄ နာရီအတွင်း စတင်မူးလာပြီး သံဖြူဇရပ်ဆေးရုံုသို့ ပို့လိုက်ရသည်။
လွန်ခဲ့သော ဇန်နဝါရီလ ၁၄ ရက်တွင် ကျောင်းသား ၁၄ ဦးသည် သံဖြူဇရပ်မြို့ ကြာကန်ရပ်ကွက်မှ ၁၁ ဦး၊ ဝါခရူကျေးရွာ တောင်ပေါက်ရပ်ကွက်မှ ၃ ဦးဖြစ်ပြီး တတိယတန်းကျောင်းသား ၁၂ ဦး၊ စတုတ္ထတန်း ၁ ဦးနှင့် ဒုတိယတန်း ၁ ဦးတို့ ဖြစ်သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် ၄င်းဆေးရုံးတက်နေသူတစ်ဦးက ပြောသည်။
“ကျွန်တော်တွေ့တဲ့အချိန်မှာ ခလေးတွေကမူးနေပြီး၊ ဆရာမတွေ မြန်မြန်ဆန်ဆန်နဲ့ ဆေးတိုက်၊ ဆေးထိုး လုပ် ပေးတော့ မကြာပါဘူး ခလေးတွေ ပြန်ကောင်းသွားပါတယ်” ဟု ၄င်းက ဆက်ပြောသည်။
၄င်းမျက်မြင်၏အဆိုအရ ဆေးရုံတက်သည့်ခလေးတစ်ယောက်ပြောပြသည်မှာ “ကျွန်တော်တစ်လုံးစားမိတယ်၊ စားကောင်းတယ်၊ စိမ့်ပြီးတော့ မြေပဲနဲ့တူနေတယ်” ဟုဆိုသည်။
ကြက်ဆူသီးစားမိ၍ ကလေးများမူးသွားခြင်းကြောင့် ရွာသူရွာသားများက မကျေမနပ်ဖြစ်နေကြပြီး ရွာအတွင်း၌ ပြောဆိုနေကြသည်။
“ဒီအပင်တွေစိုက်ခိုင်းထားပြီးတော့ စားလို့ရသလား မရဘူးလား ဘာမှလည်းအသိပညာတွေ မပေးထားကြဘူး” ဟု ရွာသားတစ်ဦးက ဆိုသည်။
ကျောင်းသားများဆေးရုံမှ ဆင်းပြီးနောက်ပိုင်း သံဖြူဇရပ်မြို့မှ ရဲများက မူလတန်းကျောင်းသို့ လာရောက်မေး မြန်းသော်လည်း ကျောင်းသားများကောင်းမွန်စွာ ရှိနေသည်ကိုတွေ့သဖြင့် ဘာမှမပြောဘဲ ပြန်သွားကြသည်။
အစိုးရအဖွဲ့များ မှတ်ပုံတင်လုပ်ပေးနေသောအချိန်တွင် မှတ်ပုံတင် လာရောက်လုပ်သူများအားလုံးအား ကြက်ဆူသီးအစေ့များကို တစ်ယောက်လျှင်တစ်ထုတ်စီရောင်းပေးပြီး အိမ်ပတ်ဝန်းကျင်၌ စိုက်ပျိုးခိုင်းခဲ့သည်။ ၄င်းကြက်ဆူသီးအစေ့များကို ခလေးများက စားမိ၍ ဆေးရုံသို့ ရောက်သွားကြရသည်ဟု မော်လမြိုင်မြို့မှ ဆရာဝန်တစ်ဦးက ဆိုသည်။
“ကြက်ဆူသီးက အဆိပ်ဖြစ်စေတဲ့ အသီးတစ်မျိုးပဲ၊ စားလို့ကောင်းပြီးတော့ အရသာက မြေပဲနဲ့တူနေတယ်၊ တကယ်လို့ ၁၀ စေ့လောက်စားမိရင် မကြာဘူး ဗိုက်အောက်လာမယ်၊ အန်လာမယ်၊ ပြီးတော့ ဝမ်းမကြာခဏ သွားမယ်၊ အဲဒီလိုစဖြစ်ပြီးဆိုရင် ဆရာဝန်တို့က ဓါတ်စားဖျော်ရည်ကို အရင်တိုက်ပေးရပါမယ်။ တကယ်လို့ စားမိတာများရင် သေတဲ့အထိဖြစ်နိုင်တယ်၊ ကလေးတွေပဲစားမိတာမဟုတ်ပါဘူး လူကြီးတွေလည်း ကြက်ဆူးသီးစားမိပြီးတော့ ဆေးရုံရောက်သွားတာလည်း ရှိပါတယ်” ဟု ၄င်းဆရာဝန် ဆက်ပြောသည်။
ကြက်ဆူသီးနှင့်ပတ်သက်၍ အန္တရာယ်ဖြစ်လာနိုင်သည်ကို အစိုးရမှ ပြည်သူပြည်သားများထံသို့ အသိပညာများ ပေထားခြင်း မရှိခဲ့ပေ။ အကယ်၍ ပြည်သူပြည်သားများ ကြက်ဆူသီးစားမိ၍ ဆေးရုံရောက်သွားသည့်သတင်း မပေါက်ကြားအောင် ၄င်းတို့က ပိတ်ပင်ထားကြသည်။ ၄င်းအသီးမှတဆင့် ဓါတ်ဆီအဖြစ်သို့ ထုတ်လုပ်မည်ဟု အစိုးရက ကြေငြာထားသော်လည်း ဆီထွက်လာသည်ကို မမြင်ဘူးကြပေ။ ဒါ့ကြောင့် ကြက်ဆူသီးစားမိလျှင် အန္တရာယ်ဖြစ်လာနိုင်သည်သာမက သေဆုံးသည်အထိ ဖြစ်နိုင်သည်ဟု ၄င်းဆရာဝန်က ပြောသည်။
လွန်ခဲ့သော ၂၀၀၇ ခုနှစ် ဇန်နဝါရီလ၌ မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲတွင် ကျောင်းသား ရ ဦး အသက် (၁၀ နှစ်နှင့် ၁၁ နှစ်အကြား) တို့ ကြက်ဆူသီးစားမိ၍ လမိုင်းဆေးရုံသို့ ရောက်ရှိသွားခဲ့ပြီး ပြန်လည်ကောင်းမွန်လာ ခဲ့သည်။ ထို့ပြင် လမိုင်းမြို့နယ် မော့ကနင်ရွာသစ်တွင်လည်း နွေရာသီ ကျောင်းပိတ်အချိန်တွင် အသက် (၅/၆) နှစ် ခလေးငယ် ၂ ဦးတို့ ကြက်ဆူသီးစားမိ၍ တစ်ဦးကသေဆုံးသွားပြီး တစ်ဦးကျန်ရှိနေသည်ဟု လမိုင်းမြို့သား တစ်ဦးက ဆိုသည်။
အမျိုးသမီးနှင့်ခလေးအခွင့်အရေး အစီအစဉ်မှ ရေးသားချက်အရ လွန်ခဲ့သော ဒီဇင်ဘာ ၂၀၀၇ ၌ သံဖြူဇရပ်မြို့ ဟံသာဝတီရပ်ကွက်မှ ကလေးငယ် ၂ ဦး အသက် (၁၁ နှစ်နှင့် ၁၂ နှစ်) တို့ ကြက်ဆူပင်ကြား ကစားရာမှ ကြက်ဆူသီးခူးစားမိ၍ ကလေးတစ်ဦး သံဖြုဇရပ်ဆေးရုံ၌ သေဆုံးသွားခဲ့သည်။ သေဆုံးသွားရသည့်အကြောင်း နှင့် ပတ်သက်၍ ကလေး၏မိခင်က ၄င်းတို့ဆေးရုံးမသွားခင် ကလေးအန်ရာမှ ကြက်ဆူသီးအစေ့များတွေ့မိ၍ ၄င်းအသီးစားထားမှန်း သိရပါသည်။ ၄င်းအပင်ကို လွန်ခဲ့သော ၂၀၀၆ ခုနှစ်မှစတင်၍ အစိုးရက စီမံကိန်းတစ်ရပ် အနေဖြင့် စတင်ခဲ့ပြီး ကားလမ်းတစ်လျှောက်နှင့် နေအိမ်ပတ်ဝန်းကျင်တွင် စိုက်ပျိုးခိုင်းသည်။
ကချင်သတင်းဌာန၏ ရေးသားချက်အရ လွန်ခဲ့သော စက်တင်ဘာ ၂၀၀၈ ခုနှစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီး နားမြို့၌ ကြက်ဆူအပင်မှလာသော ပိုးများကိုက်ခြင်းကြောင့် လူ ၁၀ ဦး သေဆုံးသွားခဲ့သည်။ လူ ၂ ဦး သေဆုံးသွားပုံမှာ မုဆိုးမတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့သည် ကြက်ဆူအရိပ်ကိုခို၍ မုန့်ရောင်းနေစဉ် ၄င်းအပင်မှ လာသော ပိုးကောင်းများကိုက်မိရာမှ ၃ မိနစ်အကြာတွင် သေဆုံးသွားခဲ့သည်။ အကယ်၍ ကြက်ဆူပိုးကိုက် မိ၍ သေဆုံးသွားသည်ဟု ပြည်သူများထံမှ သတင်းထွက်လာပါက ကချင်ပြည်နယ်မှ ဗိုလ်ချုပ် စိုးဝင်း က အရေးယူလိမ့်မည်ဟု ကြေငြာထားသည်။