ချင်းပြည်နယ်၏မြို့တော် ဟားခါးတွင် ၀ိဇ္ဇာ-သိပ္ပံကောလိပ်နှင့် ပညာရေးကောလိပ် တည်ဆောက်ရေး စီမံကိန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂ရက်နေ့က ကျင်းပခဲ့ကြပြီး အမှတ်(၁) အခြေခံပညာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူးချူပ် ဦးအောင်သန်းဦးနှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ခဲ့ကြသည်။
ဖွင့်ပွဲတွင် ညွန်ချုပ် ဦးအောင်သန်းဦးက ယနေ့ တစ်နိုင်ငံလုံး ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ခုအနက် ချင်းတိုင်းရင်းသား များသည် ရာခိုင်နှုန်းအားဖြင့် ပညာရေးဖွံ့ဖြိုးမှု အများဆုံးဖြစ်ကြောင်း ချင်းပြည်နယ်မှာ ပညာရေးကောလိပ်နှင့် ကောလိပ်ဖွင့်လှစ်စမှာ အခက်အခဲမျိုးစုံရှိမည်ဖြစ်သော်လည်း နိုင်ငံရပ်ခြားရှိ ချင်းလူမျိုးများ၊ ပညာတတ်များနှင့် ပူးပေါင်းပြီး ဆောင်ရွက်ပါက အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများထက် ဖွံ့ဖြိုးမှုပိုမိုလျင်မြန်မည်ဟု မျှော်လင့်ကြောင်း သို့သော် အဆောက်အဦးများသည် ပထဝီနေမြေအနေအထားအရ အခြားပြည်နယ်တိုင်းများထက် ည့ံနေနိုင်မှာဖြစ်သော်လည်း သက်ဆိုင်ရာက အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း မျှော်လင့်ကြောင်း မှာကြားခဲ့သည်။
ဟားခါးပညာရေးကောလိပ်နှင့် ဟားခါးကောလိပ်(၀ိဇ္ဇာ-သိပ္ပံ)ဟု အမည်ပေးထားသော အဆိုပါစီမံကိန်းကို ဟားခါးမြို့ အနောက်ဖက် ထန်တလန်မြို့အသွား လမ်းမကြီးနံဘေးတွင် တည်ဆောက်ကြမည်ဖြစ်ပြီး မကြာခင်ရက်ပိုင်းအတွင်း နေပြည်တော်မှ မြေထိုးစက် ၄လုံး ရောက်ရှိလာမည်ဖြစ်ကြောင်း အကောင်ထည်ဖော်ဆောင်မှုအပိုင်းကိုလည်း အမြန်ဆုံးလုပ်ဆောင်သွားမည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က ပြောသည်။
“ကောလိပ်နှစ်ခု တစ်ပြိုင်နက်ဆောက်မှာ ဖြစ်ပါတယ်၊ အပေါ်ပိုင်း ထန်တလန် လမ်းဘေးနားကပ်လျှက်က ပညာရေးကော လိပ်ပေါ့၊ ချင်းတောင်မှာ ကျောင်းဆရာလုပ်မယ့်သူတွေအကုန်လုံး အဲဒီမှာသင်တန်းတက်၊ B.Ed ထိသွားမှာပေါ့၊ အောက်ဘက်ပိုင်းကျတော့ ဟားခါးကောလိပ်ပေါ့၊ BA, BSC တွေနဲ့ စမှာပေါ့လေ၊ အဲဒီလို ကောလိပ်နှစ်ခု တည်ဆောက် မှာဖြစ်ပါတယ်’’ ဟု လူမှုရေးဝန်ကြီးက ပြောသည်။
ဟားခါးကောလိပ်တည်ဆောက်ရေးအတွက် မြေဧက ၄၀၀နှင့် ဟားခါးပညာရေးကောလိပ်တည်ဆောက်ရေး အတွက် မြေဧက ၂၀၀ခန့် အသီးသီးလျာထားပြီး ၂၀၁၅ခုနှစ်အတွင်း ကောလိပ် အဆောက်အဦး ၅လုံးတည်ဆောက်သွားရန် စီစဉ် ထားသည်ဟု ၀န်ကြီးကဆက်ပြောသည်။
ချင်းပြည်နယ်သည် မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ် ၁၄ခုအနက် တက္ကသိုလ်၊ ကောလိပ်မရှိသေးသော ပြည် နယ်ဖြစ်နေသည့် အတွက် အလွန်မျက်နှာငယ်ခဲ့ရဖူးသည်ဟု ဒေါက်တာဘမောင်ကပြောသည်။
“ကျနော်က ပါမောက္ခလုပ်ခဲ့တယ်၊ ပညာရေးညွန်ချူပ်လည်းလုပ်ခဲ့တယ်၊ ခုလည်း လူမှုရေးဝန်ကြီးက ပညာရေးနဲ့ ဆိုင်တယ်၊ တက္ကသိုလ်ကောလိပ်နဲ့ပတ်သက်တဲ့ တစ်နိုင်ငံလုံးအစည်းအဝေးကြီးတွေရှိတယ် ကျနော်သွားတက်ရတယ်၊ ကျနော့်ပြည်နယ်မှာက တက္ကသိုလ်တစ်ခုမှမရှိဘူး၊ အလွန်မျက်နှာငယ်ပါတယ်၊ ရှက်လည်းရှက်ခဲ့ရတယ်’’ ဟု ၀န်ကြီးက ပြော သည်။
ချင်းပြည်နယ်အစိုးရ၏ ကြိုးစားအားထုတ်မှု၊ ချင်းပြည်သူလူထုများ၏ တောင်းဆိုမှုနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ စေတနာထားရှိမှုတို့ကြောင့် ချင်းပြည်နယ်တွင် ကောလိပ်များရှိလာနိုင်တော့မည် ဖြစ်ပြီး၊ ၁၀တန်းစာမေးပွဲအောင်မြင်ပြီး ပြည်မဘက်သို့ တက္ကသိုလ်သွားရောက်တက်နေရသော ချင်းကျောင်းသူ၊ ကျောင်းသားများသည်လည်း ကိုယ့်အိမ် ကိုယ့်ဒေသတွင် တက္ကသိုလ်ကောလိပ် တက်ရောက်နိုင်မည့်အဆင့် ရောက်ရှိလာတော့မည် ဖြစ်ကြောင်း ၀န်ကြီးက ဆက် ပြောသည်။
ချင်းပြည်နယ်သည် အခြားပြည်နယ်များကဲ့သို့ မြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝမှု မရှိသည့်အတွက်ကြောင့် ချင်း ပြည်နယ် အနာဂါတ် ရေရှည်ဖွံဖြိုးတိုးတက် လာရေးအတွက် ခေတ်ပညာတတ် လူသားအရင်းအမြစ်များအပေါ် အားကိုး အားထားပြုရမှာဖြစ်ကြောင်း ယင်းအတွက် ကောင်းမွန်သော အခြေခံပညာရေး၊ တက္ကသိုလ်ကောလိပ်များ တည်ရှိရန် အထူး လိုအပ်သည်ဟု ဟားခါးမြို့မိမြို့ဖ ဥက္ကဌ Pu Siang mang ကပြောသည်။
“ချင်းပြည်နယ်ဟာ သူများပြည်နယ် တိုင်းဒေသလို သယံဇာတတွေ သိပ်မရှိဘူးဆိုတော့ ချင်းပြည်နယ်ဖွံ့ဖြိုး တိုးတက်ဖို့ အဓိက လူသားအရင်းအမြစ်ပဲဖြစ်ပါတယ်၊ အဲဒီလူသားအရင်းအမြစ် များများထုတ်နိုင်ဖို့ တက္ကသိုလ် ကောလိပ်တွေ ရှိပြီးတော့ ဒီကနေ ဆင်းရဲသားကျောင်းသူကျောင်းသားများ စျေးပေါပေါနဲ့ ပညာလေ့လာဆည်းပူးနိုင်မယ်၊ အဲဒီပညာတတ် လူငယ်တွေဟာ နောင်တစ်ချိန်ကျရင် ချင်းပြည်နယ်ဒေသ ဖွံ့ဖြိုးရေးအတွက် အားကိုးအားထားရတဲ့ Human Resource တွေ ဖြစ်လာမယ်’’ ဟု Pu Siang Mang ကပြောသည်။
ချင်းပြည်သူလူထုများမှ နှစ်ရှည်လများ မျှော်လင့်တောင့်တနေကြသော ချင်းပြည်နယ်တွင် တက္ကသိုလ် ကောလိပ် ထားရှိရေး စိတ်ကူးယဉ်အိမ်မက်များကို နိုင်ငံတော် အစိုးရမှ လက်တွေ့အကောင်ထည်ဖော်ဆောင် ရွက် လာတော့မည့် အတွက် ၀မ်းသားကျေနပ်အားရမိကြောင်း ၎င်းကဆက်ပြောသည်။
ဟားခါးမြို့မိမြို့ဖများသည် ချင်းပြည်နယ်တွင် တက္ကသိုလ်တည်ဆောက်ရေးအတွက် နိုင်ငံတော်အစိုးရထံ အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးသော်လည်း တစ်စုံတစ်ရာ ထူးခြားမှုရှိမလာသည့်အတွက် တက္ကသိုလ်ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းကာ ချင်းပြည်နယ်တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် တက္ကသိုလ်ကျောင်းတည်ဆောက်ရန် စီစဉ်ခဲ့ဖူးကြသည်။