ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရ သဘောတူညီချက်အရ ချင်းပြည်နယ် မတူပီမြို့တွင် ဖွင့်လှစ် ထားသော (Chin National Front- CNF) ဆက်ဆံရေးရုံး ဒုတိယ တာဝန်ခံ ပူးမန်လိုင်းအား နယ်မြေခံ ရဲတပ်ဖွဲ့က အောက်တိုဘာလ ၀၁ ရက်နေ့ တွင် ဖမ်းမိန့် ထုတ်ထားသည်ဟု သိရသည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး ဆက်ဆံရေးရုံးမှ ရုံးစာရေးကြီး ဆလိုင်းရိုကုန်းက ” အောက်တိုဘာလ ၂ရက်နေ့ မနက်ပိုင်းက ရဲတစ်ဦး ရုံးကို လာပြီး ပူး မန်လိုင်း ကို လာစုံစမ်းတယ်၊ အကြောင်းက ဖမ်းမိန့်ထုတ် ထားတယ်လို့လာပြောတာပဲ ” ဟု ခိုနုမ်းသုန်ကို ပြောသည်။
ထိုသို့နယ်မြေခံရဲများက ပူး မန်လိုင်းအား ဖမ်းမိန့်ထုတ်ခဲ့သည်မှာ ၂၀၀၄- ၂၀၀၅ ခုနှစ်က မတူပီမြို့တွင် ကျင်းပသည့် ဘောလုံးပွဲ တခုအတွင်း ချင်းအမျိုးသားတပ်မတော်မှ ဗျူဟာမှူး ဗိုလ်မှူး ဆန်းအောင်အား ပစ်ခတ်သည့် အမှုတွင် ပါ၀င်သည် ဆိုသည့် စွပ်စွဲချက်ဖြင့် ပူးမန်လိုင်း နှင့် နိုင်းပဲန်လောမ်အား ဖမ်းမိန့် ထုတ်ထားခြင်းဖြစ်ကြောင်းသိရသည်။
ယင်းကိစ္စနှင့် ပါတ်သက်၍ CNF မတူပီ ဆက်ဆံရေးရုံး အရာရှိ ပူးထန်ယဲန်းက “အဲဒီကိစ္စ ပြည် နယ် နယ်စပ်ဒေသ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦးကို ဆက်သွယ်ရာမှာ သူ နေပြည်တော်ရောက်နေလို့ ပြည်နယ် ၀န်ကြီးချုပ်ကို တိုက်ရိုက်အကြောင်းကြား ဖို့ ပြော လာ ပါတယ်” ဟု ပြောသည်။
အရာရှိ ပူးထန်ယဲန်းက ဖြစ်ဖြစ်ချင်း မိမိအနေဖြင့် မြို့နယ်ပြည်သူ့ရဲမှူးကို တွေ့ဆုံလိုသော်လည်း မတွေ့ ဆုံနိုင်ခဲ့ကြောင်းပြောသည်။
ဒု-တာဝန်ခံ ပူးမန်လိုင်း အပြင် ၂၀၁၃ နှစ်တုန်းက ဒေါ် အောင်ဆန်းစုကြည် မတူပီကို ရောက်ရှိခဲ့စဉ် ပါ၀င်ပါတ်သက်သူများ၊ ထိုစဉ်က အစိုးရ တပ်မတော် လက်နက်ပျောက်ဆုံးမှုတွင် ပါ၀င်သည်ဟု စွပ်စွဲခံရသူများ၊ ရဲပြေးစာရင်းကြေညာ ခံရသူများ လည်း ပါ၀င်ကြောင်း ပြောသည်။
“ကျတော်တို့ CNF အဖွဲ့ဝင်ထဲက လူပုဂ္ဂိုလ်အလိုက် ကွက်ပြီး ယခုလို အမှုလုပ်တာတွေက လုံးဝ မဖြစ်သင့်ဘူး၊ ဒါက ငြိမ်းချမ်းရေးသဘောတူညီချက်ကို မလေးစားတဲ့အပြင် ချိုးဖောက်ရာရောက် တယ်၊ ဒီအတိုင်းဆိုရင် ငြိမ်းချမ်းရေးဖြစ် စဉ်ကို ပြန် သုံးသပ်ရမယ့် သဘောဖြစ်နေတယ် ” ဟု အထွေထွေအတွင်းရေးမှူး (၁) ပူးပေါလ်စမစ် က ပြောသည်။
ချင်းအမျိုးသားတပ်ဦး နှင့် အစိုးရအကြား ၂၀၁၂ ခုနှစ် မေလအတွင်း ပြုလုပ်သည့် ပထမ အကြိမ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးသဘောတူညီချက် (၁၂) တွင် CNF အဖွဲ ့ဝင်များထဲမှ အမည်မည်း စာရင်းသွင်းခံရ သူများအား အဆိုပါ စာရင်းမှ ဖယ်ရှားပေးရန် အတွက် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ ့မှ ဥပဒေနှင့် အညီ ဆက် လက် ဆောင်ရွက်ပေးရန် နှင့် ” ပြည်ထောင်စုအဆင့် သဘောတူညီချက်များ ” လက်မှတ်ရေး ထိုးပြီးသည့် နောက်ပိုင်း CNF နှင့် CNA အဖွဲ ့ဝင်များနှင့် တပ်မတော်သား မည်သူမဆို နောက်ကြောင်းပြန် တရားစွဲဆိုခြင်း မှ လုံးဝ ကင်းလွတ် စေ ရန်ဟု ပါရှိသည်။
“အခုလိုုအတိုင်းသာဆိုရင်င် အစိုးရနဲ့ CNF ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ယုံကြည်နိုင်ဖွယ်ရာမရှိဘူး၊ တစ်နေ့မဟုတ် တစ်နေ့ ပြန်လည် လမ်းခွဲကြမှာပဲ ” ဟု မတူပီမြို့ပေါ် မြို့မိမြို့ဖ တစ်ဦးက ပြောသည်။
မတူပီဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ပူး မန်လိုင်းအား ဖမ်းမိန့်ထုတ်ထားခြင်းနှင့် ပါတ်သက်ပြီး မတူပီမြို့နယ် ဆိုင်ရာ Chin Ceasefire Monitoring Team က ပြည်နယ်အစိုးရထံ အကြောင်း ကြားစာ ပို့ထားကြောင်း သိရသည်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က ချင်းအမျိုးသားတပ်မတော်(CNA) ကို လက်ခံသည်ဟူသော စွပ်စွဲချက်ဖြင့် ခမရ ၃၄၄ ၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝတပ်စခန်းမှ တပ်ရင်းမှူးနှင့် အဖွဲ့သည် ပလက်ဝမြို့နယ် ကုန်ပြင်ရွာသားများအား ဖမ်းဆီးနှိပ်စက်ခဲ့ရာ ရွာသား (၆) ဦးတို့သည် မီဇိုရမ် နယ်စပ်သို့ ထွက်ပြေးတိမ်း ရှောင်လာခဲ့ကြသည်။