မင်းတပ်တွင် ချင်းအမျိုးသမီးရေးရာအဖွဲ့ ဖွဲ့စည်း

မင်းတပ်တွင် ချင်းအမျိုးသမီးရေးရာအဖွဲ့ ဖွဲ့စည်း
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်တွင် Chin Women Organization ( CWO) ခေါ် ချင်းအမျိုးသမီး ရေးရာ အဖွဲ့ချုပ်ကို အဖွဲ့ဝင် (၃၀) ဦး မှ မင်းတပ်မြို့၊ အနောက် ရပ်ကွက် တစ်နေရာတွင် စက်တင်ဘာ ၂၇ ရက်နေ့က ဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။

ထိုသို့ဖွဲ့စည်းခဲ့ရာတွင် ချင်းအမျိုးသမီးတိုင်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ရရှိရေး၊ ချင်း အမျိုးသမီးများ၏ အခွင့် အရေးဆုံးရှုံးမှုကို ကာကွယ်မြှင့်တင်ရေး၊ ချင်းအမျိုးသမီးတိုင်း အခွင့်အရေး တန်းတူ ရရှိရေးတို့ကို ရည်မှန်းချက်အဖြစ် ထားရှိပြီး အဖွဲ့အစည်း ဦးဆောင်မှုအတွက် (၉)ဦးပါ ဗဟိုအလုပ် အမှုဆောင်ကော်မီတီကို တပါတည်း ရွေးချယ် ခဲ့ကြသည်။

“အစည်းအဝေးက ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ခဲ့ကြတယ်၊ ရံပုံငွေကိစ္စက အစပေါ့၊ အသေးစိပ် ကတော့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီ ကနေ ကိုင်တွယ်မှာပေါ့၊ နောက်ပြီး သူတို့ရဲ့ ဖွဲ့စည်း ပုံတွေကိုလည်း ဆက်လက်ရေးဆွဲဖို့ ချမှတ်ခဲ့ကြတယ်” ဟု အစည်းအဝေးတွင် အကြံပေးအဖြစ် ပါ၀င်တက်ရောက်သည့် ဆလိုင်းအောင်လိန်းထန်းက ပြော သည်။

ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အဖွဲ့အင်အားတောင့်တင်းရေး နှင့် လုပ်ငန်း ပိုမို ကျယ်ပြန့်အောင် ဆောင် ရွက်နိုင်ရေး အတွက် တစ်အိမ်တက် တစ်အိမ်ဆင်း  ရံပုံငွေရှာဖွေခြင်း၊ ပညာပေးမှုပြုလုပ် ခြင်းများကို ဆက်လက်အကောင် အထည်ဖော်နေပြီဖြစ်ကြောင်းလည်း ထပ်မံသိရသည်။

လက်ရှိ မင်းတပ်မြို့ CWO ကို မိုင် ထန်းလိုင်း (ဥက္ကဌ)၊ မိုင်ဟုန်းလိုင်း( အတွင်းရေးမှူး) နှင့် ဗဟို အလုပ်အမှု ဆောင် ကော်မီတီဝင် (၇) ဦးတို့မှ ဦးဆောင်ခဲ့ကြသည်။ CWO သည် မင်းတပ်မြို့တွင် အမျိုးသမီး အခွင့်အရေး ကာကွယ်မြှင့် တင်ရေးအတွက် ပထမဦးဆုံးဖွဲ့ စည်းသော လွတ်လပ်သည့် လူမှုရေးအဖွဲ့ ဖြစ်သည်။

၂၀၁၃ခုနှစ် နို၀င်ဘာ ၁၅ ရက်နေ့တွင်လည်း ချင်းပြည်နယ်မြို့တော်ဟားခါးတွင် ချင်းအမျိုးသမီးအဖွဲ့ ကွန်ယက် (Chin Women Organizations Network ) ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ် နေရာဒေသ အသီးသီးတွင် ချင်းအမျိုးသမီးအဖွဲ့အစည်းများကို ဒေသ အလိုက်သော် လည်းကောင်း၊ မျိုးနွယ်စု အလိုက် သော်လည်းကောင်း ဖွဲ့စည်းခဲ့ကြပြီး ချင်းအမျိုးသမီးကွန်ယက်ကို  ပြီးခဲ့တဲ့ ၂၀၁၃ နို၀င်ဘာလ အတွင်း အဆိုပါ အမျိုးသမီးအဖွဲ့ အစည်း အသီးသီးမှ ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်း ခဲ့ကြ သည်။

Most read this week