ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့အနီးတွင် ဇွန်လ (၁၆) ရက်နေ့က ပလက်ဝအခြေစိုက် ခလရ ၂၃၂ နှင့် ၂၈၉ ပူးပေါင်းတပ်ဖွဲ့က ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ တပ်မတော်သား တပ်ကြပ် ခိုင်ထွီးဆိုသူနှင့် ကူညီသူ အရပ်သား အောင်ရွှေမြတို့အား ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။
မြန်မာ-ဘင်္ဂလာနယ်စပ်အနီး တိုက်ပွဲ ဖြစ်ပွားမှုတစုံတရာမရှိသော်လည်း တိုက်ပွဲအတွင်း အဆိုပါ နှစ်ဦးအား ဖမ်းဆီး ခြင်း ဖြစ်သည်ဟု အစိုးရစစ်တပ်က အကြောင်းပြထားကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) က ကြေညာ ချက် ထုတ်ပြန်ထားသည်။
ALP/A အမှတ်(၉) တပ်ရင်းမှ တပ်ကြပ် ဆေးမှူးခိုင်ထွီးနှင့် ၄င်းအားကူညီသူ အရပ်သား အောင်ရွှေမြတို့သည် စက် ပစ္စည်း တစ်ခု ၀ယ်ယူဖို့အလာမှာ အဖမ်းခံရတာဖြစ်ကြောင်း၊ သံသယနဲ့ ဖမ်းဆီးခံ ထားရခြင်း ဖြစ်ကြောင်း ALP တာဝန်ရှိသူ၊ ALP ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဒုတိယခေါင်းဆောင်ဒေါ်စောမြရာဇာ လင်းက ပြောသည်။
“ ဒီကိစ္စဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့ မြင်ပါတယ်။ ကျမတို့ဟာအိန္ဒိယ- မြန်မာ နယ်စပ်မှာ အခြေစိုက်တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးဖေါ်ဆောင်လာတဲ့ နေ့က စပြီး တိုက်ပွဲ ဖေါ်ဆောင်တဲ့ အနေအထား လုံးဝမရှိပါဘူး။ အဲသလို အနေအထားမှာ ကျမတို့ရဲ့ ရဲဘော်ကို ဒီလို မတရားသဖြင့် ဖမ်းဆီးထား တာဟာ လုံးဝ မလုပ်အပ်တဲ့ ကိစ္စဖြစ်ပါ တယ်။ အခုရက်လည်းကြာသွားပါပြီ” ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။
အဖမ်းခံရခြင်းနှင့် ပတ်သက်ပြီး ALP ခေါင်းဆောင်တွေက ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းတို့အား တွေ့ဆုံနိုင်ရေးအတွက် အကြိမ်ကြိမ် ကြိုးပမ်း သော်လည်း တွေ့ ဆုံခွင့်မရကြောင်း သိရသည်။
ALP မှ ဖမ်းဆီးခံ ရဲဘော် နှင့် ကူညီသူ အရပ်သားတို့ကို ခလရ ၂၈၉ တပ်ရင်းသို့ အစိုးရစစ်တပ်က ခေါ်ယူပြီး စစ် ဆေးမေးမြန်းမူများ ပြုလုပ်နေကြောင်း စစ်ကြောရေးလုပ်စဉ် ညှင်းဆဲနှိပ်စက်ခံရသည်ဟုလည်း သိရှိရကြောင်း ကြေညာချက်တွင် ဖေါ်ပြသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ရှိ ကျေးရွာအုပ်စု နှစ်ခုတွင် ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် လက်နက်ကိုင် ရှစ်ဦးက နှစ်ရက်ဆက်တိုက် ဆက်ကြေး ကောက်ခံခဲ့သည်ဟု ပြည်ထောင်စုအစိုးရထံ ချင်းပြည်နယ် အစိုးရအဖွဲ့ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်းက တင်ပြခဲ့သည်ဟု သိရသည်။
ထို့အပြင် ကျားခေါင်း အမှတ်တံဆိပ် လက်ပတ် ဝတ်ဆင်ထားသော လက်နက်ကိုင်ဆောင်သူ ရှစ်ဦးက ဇွန်လ ၁၄ ရက်နေ့က ပလက်ဝမြို့နယ်၊ ရပ်ချောင်းကျေးရွာ၊ ဇွန်လ ၁၅ ရက်နေ့က မြောင်းကျေးရွာတို့တွင် ည ၁၁ နာရီ ဝန်းကျင်အချိန့်၌ ဆက်ကြေး တောင်း ခံခဲ့ရာ စုစုပေါင်းကျပ် ခုနစ်သိန်းခန့် ပေးလိုက်ကြရကြောင်း၊ ငွေကြေး တောင်း ခံခဲ့သည့် အဆိုပါ လက်နက် ကိုင်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်သို့ ထွက်ခွာသွားကြောင်း မြို့နယ် အုပ်ချုပ် ရေးမှူး ဦးဟန်ဝင်း အောင်ထံမှ သိရသည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး၊ ပလက်ဝ စီးပွားရေးရုံးမှ ကိုကျော်အောင် ကလည်း ” ဒေသခံပြည် သူတွေဖက်ကတော့ ဒီ ဆက်ကြေးကောက်တဲ့ကိစ္စကို အရေးယူပေးဖို့ လာရောက်တင်ပြတာ တွေရှိပါ တယ်၊ ကျတော် တို့လည်း အထက်ကို တင်ပြထားပါတယ် ” ဟု ပြောသည်။
ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရအကြား ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် သဘောတူညီချက် (၈)(ဂ)တွင် ချင်း ပြည်နယ်အတွင်း မြန်မာ့တပ်မတော်၊ အစိုးရ လက်နက်ကိုင်အဖွဲ ့အစည်းများနှင့် ချင်းအမျိုးသား တပ်မတော်တို ့သာ နေရာချထားခွင့်ပြုရန် ဟု ပါရှိသည်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ကို ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၆ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော လက်နက်ကိုင် အဖွဲ့ဖြစ် သည်။