သာသနာရေး ဝန်ကြီးဋ္ဌာနမှ ရေးဆွဲထားသော ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ(မူကြမ်း)သည် နိုင်ငံသား တစ်ဦးချင်းစီ၏ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို ကန့် သတ်ချုပ်ချယ်ထားသည့် ဥပဒေဖြစ်သောကြောင့် Chin National Democratic Party (CNDP) ချင်းအမျိုးသားပါတီမှ ကန့်ကွက် ကြောင်း ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းဥပဒေမူကြမ်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၄၃)၌ ပြဌာန်း ပြီးသော နိုင်ငံသား တစ်ဦးချင်းစီ၏ လွတ် လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ကန့်သတ်ချုပ်ချယ် ရာ ရောက်သည့်အပြင် ကုလသမဂ္ဂ၏ Universal Declaration of Human Rights (Article 18) နှင့်လည်း ဆန့်ကျင်နေသဖြင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) မှ ကန့့်ကွက် သည်ဟု ၎င်းတို့ ကြေညာချက်တွင်ဖော်ပြထား သည်။
မြန်မာနိုင်ငံအတွင်းရှိ လူဦးရေ ၁၂ သိန်းခန့်ရှိသော ချင်းလူမျိုးများသည် ရှေးယခင်က တည်းက တောင်ပေါ်မြေပြန့် အနှံ့ ၌ နေထိုင်ကြပြီး ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ၊ နတ်ကိုးကွယ်သည့် ဘာသာများ စသည်ဖြင့် လွတ်လပ်စွာ ကိုးကွယ် ယုံကြည် ခဲ့ကြသည်မှာ ယနေ့အထိဖြစ်ကြောင်း၊ အကယ်၍ ဗုဒ္ဓဘာသာ အမျိုးသမီးနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သော ဘာသာခြား အမျိုးသား တစ်ဦးလက်ထပ်ပေါင်းသင်းခြင်းကို ကန့်သတ်လိုက်မည်ဆိုပါက ချင်းလူမျိုး ဗုဒ္ဓဘာသာဝင် အမျိုးသမီးနှင့် ချင်း ခရစ်ယာန် အမျိုးသား၊ နတ်ကိုးကွယ်သည့် ချင်းအမျိုးသားများ၏ လက်ထပ်ပေါင်းသင်းခြင်းကို ကန့် သတ်ရာရောက်မည်ဖြစ်ရာ လုံးဝ လက်ခံနိုင်စရာမရှိဟု ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီက ထောက်ပြ ထားသည်။
ထို့အပြင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံတွင် ဘာသာရေးကို အခြေမခံ သော၊ ဘက်လိုက်မှုကင်းသည့် နိုင်ငံ (Secular State) သည်သာ အသင့်တော်ဆုံး ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံ ဥပဒေ ပုဒ်မ (၃၆၁) (၃၆၂) နှင့် (၃၆၃) အား ပယ်ဖျက်ပြီး သာသနာရေးဝန်ကြီးဌာနကိုလည်း ဖျက်သိမ်းသင့် သည်ဟု ယင်းတို့ ကြေညာချက်တွင် ဖော်ပြထားသည်။
မေလ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် သာသနာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းတွင် ဘာသာ ကူးပြောင်းလိုသူ သည် အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရ မည် ဖြစ်ပြီး မိမိ ကိုး ကွယ်ရာ ဘာသာမှ အခြားဘာသာသို့ မိမိ၏ သဘောဆန္ဒအတိုင်း ကူးပြောင်းခြင်း ဟုတ်မ ဟုတ်ကို ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ စိစစ် မှတ်ပုံတင်ရေးအဖွဲ့မှ စိစစ်မည်ဟု ပါရှိသည်။
ထို့အပြင် ဘာသာကူးပြောင်းလိုသူသည် အခြားဘာသာကို လေ့လာနိုင်ရန် ရက်ပေါင်း ၁၈၀ အထိ သတ်မှတ်ထားပြီး နောက် ကူးပြောင်းလိုကြောင်း ဆန္ဒရှိလျှင် မှတ်ပုံတင်ရေးအဖွဲ့က ဘာသာကူးပြောင်းခြင်း ဆိုင်ရာ မှတ်ပုံတင်ကို ထုတ် ပေး မည် ဖြစ်ကြောင်း ထည့် သွင်း ရေး ဆွဲထားသည်။
ဘာသာသာသနာကို စော်ကားရန်၊ အကြည်ညို ပျက်စေရန်၊ ဖျက်ဆီးရန် (သို့မဟုတ်) အလွဲသုံးစားပြုရန် အကြံဖြင့် ဘာသာကူးပြောင်းပါက ၂ နှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ကျပ်နှစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချ မှတ်နိုင် သည်ဟု အဆိုပါ ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားသည်။
ယင်းဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး ချင်းဘာသာရေးအဖွဲ့အစည်းများ၊ ချင်းလူမှုအအဖွဲ့အ စည်းများက ကန့်ကွက် ကြောင်း အမေရိကန်၊ နယူးဒေလီမြို့များရှိ မြန်မာသံရုံးရှေ့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ချင်း ပြည်နယ် ဟားခါးမြို့ ကာ ဆင် ခန်းမ တွင်လည်း အဆိုပါဥပဒေ မူကြမ်းမပြဌာန်းရန် ဒေသခံ ၈၀၀ ကျော်က ၀တ်ပြု ဆု တောင်း ပွဲပြုလုပ် ခဲ့ကြသည်။