အစိုးရစစ်သားက အိမ်ထောင်ရှင် အမျိုးသမီးအား အဓမ္မပြု ကျင့်ရန် ကြံစည်

အစိုးရစစ်သားက အိမ်ထောင်ရှင် အမျိုးသမီးအား အဓမ္မပြု ကျင့်ရန် ကြံစည်
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်မတူပီမြို့နယ်၊ ရေဇွာမြို့ အခြေစိုက် ဗိုလ်မှူးအောင်သူဝင်း ဦးဆောင်သည့် ခလရ (၂၆၉) မှ ကိုယ်ပိုှင် အမှတ် တသ- ၃၇၁၈၅၀ ဖြစ်သူ တပ်သား မျိုး သူရကျော်က အိမ်ထောင်ရှင် အမျိုးသမီးတဦးအား ယခုလ ဇွန် ၁၀ ရက် နေ့က အဓမ္မ ပြုကျင့်ရန်ကြံစည်ခဲ့ကြောင်းသိရသည်။

အဆိုပါ အမျိုးသမီးသည် တောင်ယာသို့အသွား တောင်ယာလမ်းဘေး သစ်ပင်အောက်တွင် အရက်မူးပြီး အိပ်နေကြသည့် စစ်သားနှစ်ဦးထဲက တပ်သား မျိုးသူရကျော် ဆိုသူက ထလာပြီး  အဓမ္မပြုကျင့်ရန် ကြံစည် ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တဦးကပြောသည်။

”သူ့အဖော်စစ်သားက အရက်မူးပြီး အိပ်နေပုံရတယ်၊ အဲဒီအချိန်မှာ တပ်သားမျိုးသူရကျော်က အမျိုးသမီး နောက် ကိုလိုက်ပြီး လှဲလိုက်တယ်၊ အမျိုးသမီးက ရုန်းတော့ အမျိုးသမီးကို လက်သီး၊ ပေါက်တူးနဲ့ ထုရိုက်တယ်၊ အဲဒါကို တောင်ယာသွားတဲ့ ရွာသားတွေက မြင်လို့ အချိန်မှီ ကယ်တင်လိုက်တာပါ” ဟု ဒေသခံတဦးက ပြောသည်။

အမျိုးသမီးသည် စစ်သား၏ နှိပ်စက်ဒါဏ်ကြောင့်  ကျောပြင်များ ယောင်ကိုင်းနေပြီး မျက်ခုံးတွင် ပြင်းထန်စွာ ဒါဏ်ရာ ရရှိခဲ့ကြောင်း ရေဇွာပြည်သူ့ဆေးရုံတွင် အတွင်း လူနာအဖြစ် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ဒါဏ်ရာကြောင့် အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း အမျိုးသမီးတွင် နှလုံးရောဂါ အခံရှိသူဖြစ်သော ကြောင့် သွေးလန့်မှုများရှိကြောင်း ဆက်ဆိုသည်။

တပ်သားမျိုးသူရကျော်ကို နယ်မြေခံရဲများက ထိန်းသိမ်းထားခဲ့ရာမှ နယ်မြေခံ တပ်ရင်းမှူးက တရားခံအား  မတူပီသို့ပို့ထားကြောင်း ၊ ချင်းပြည်နယ် ပြည်နယ်ထွေအုပ်ရုံး၊ မင်းတပ်ခရိုင်ရုံးမှ အမှုတွဲကို တောင်းခံနေပြီဖြစ် ကြောင်း သိရသည်။

ယခင် စစ်အစိုးရအုပ်ချုပ်ရေးကာလတွင် ရေဇွာမြို့ပေါ်၌ ထိုသို့ အဖြစ်မျိုး အများအပြားရှိခဲ့ဖူးသော်လည်း ပြည်သူများက စစ်သားများကို ကြောက်လန့်နေခြင်း၊ အမှုလုပ်ရန်ငွေကြေးမတတ်နိုင်ခြင်း၊ တစ်ရှက်မှ နှစ်ရှက်ဖြစ်မည် စိုးရိမ် နေခြင်းတို့ကြောင့် အမှုများနှုတ်ဆိတ်ခဲ့ရကြောင်း သိရသည်။

ထို့အပြင် ၂၀၀၄-၁၅ ခုနှစ်အတွင်း  ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား စစ်သားတစ်ဦးမှ အဓမ္မပြုကျင့် ရန်ကြိုးစားဖူး ကြောင်း ရဲစခန်းအတွင်းရဲဝန်ထမ်းတဦးက ရွားသား တစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သို့သော် အရေးယူဆောင်ရွက်မှုမရှိကြောင်း မြို့မိမြို့ဖများက ပြောသည်။

Most read this week