ဗေဒင်ဆရာတဦးက ၁၄ နှစ်အရွယ် အမျိုးသမီးငယ်အား သားမယားပြုကျင့်

ဗေဒင်ဆရာတဦးက ၁၄ နှစ်အရွယ် အမျိုးသမီးငယ်အား သားမယားပြုကျင့်
by -
ခိုနူမ်းထုန်

အသက် (၁၄) နှစ်အရွယ် ခူမီး(ချင်း) မိန်းကလေးငယ်တစ်ဦးအား အသက် ၅၂ အရွယ် ဗေဒင်ဆရာတစ်ဦး မှသား မယားပြု ကျင့်ခဲ့သည့် မှုခင်းတစ်ရပ် ပလက်ဝမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မေလ(၁၄) နံနက် ၁၀းဝဝ နာရီခန့်က ပလက်ဝမြို့ နယ်၊ ကြွေသောင်ကျေး ရွာနေ ဦးကျော်လှနေ အိမ်သို့ မေလ(၁၃)ရက်နေ့က ရောက်ရှိနေသော ကုလား လူမျိုး ဗေဒင်ဟောစားနေသူ အဘဦးဆွေမောင်သား ဦးလှထွန်း ( အသက် ၅၂ ဟိန္ဒူ/ဗုဒ္ဒဘာသာဝင် ) သည် လူကြီးများ တောင်ယာသို့ သွားနေချိန် နေအိမ်တွင် ကျန်ရစ်ခဲ့သောသမီး အသက် ၁၄ နှစ်အရွယ် မနီနီ (နာမည်အရင်းမဟုတ်) အား အိပ်ဆေးတိုက်ပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းကြောင်းသိရှိရသည်။

၎င်းနေ့ နေ့လည် ၁၁နာရီခွဲခန့်တွင် အစ်မဖြစ်သူ တောင်ယာမှ အိမ်သို့ပြန်လာချိန် ငိုယိုနေသည့် ညီမကိုတွေ့ ကာ အကြောင်း စုံမေးမြန်းရာမှ ဦးလှထွန်း မှ သားမယား ပြုကျင့်ခံခဲ့ရသည်ကို သိရှိခဲ့သောကြောင့် ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်းသိရသည်။
အဆိုပါ  ပလက်ဝမြို့ ရဲစခန်းသို့  ညနေ ၄း၃၀ နာရီတွင် တိုင် တန်းခဲ့ပြီးနောက် စခန်းမှူး ရဲအုပ်ဦးစိုးမိုးအောင် ဦးဆောင်သောအဖွဲ့ ၅ ဦးမှ တရားခံအားကြွေသောင်ရွာအထိ လိုက်လံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လတ်တလော ချင်းပြည်နယ်အတွင်း အမျိုးသမီးများအား သားမယားပြုကျင့်သည့် ပြဿနာများ မကြာခဏ ကြားနေရသောကြောင့် ထိရောက်စွာအရေးယူသင့်ကြောင်း လူမှုရေး လုပ်ငန်းလုပ်ဆောင်သူ ပလက်ဝမြို့မှ ကိုကျော်အောင်က ပြောသည်။

“ ပြစ်မှုကျုးလွန် သူတွေကို ထိထိရောက်ရောက် အပြစ်ပေးသင့်တယ်၊ ဖြစ်လိုက်ရင်လည်း အရွယ်မရောက်သေး တဲ့ကလေးတွေကိုပစ်မှတ်ထားပြီး ဖြစ်နေတာ။ တာဝန်ရှိတဲ့ သူတွေ အနေနဲ့လည်း အရွယ်မရောက်သေးတဲ့ ကလေးတွေရဲ့ဘဝလုံခြုံရေးအတွက် တရားခံ တွေကို ထိထိရောက် ရောက် အချိန်မီအရေးယူပေးဖို့အင်မတန်မှ အရေးကြီးပါတယ်” ဟု ပြောသည်။

 တရားခံဦးလှထွန်းအား ပလက်ဝရဲစခန်းတွင် ချုပ်နှောင်ထားပြီး၊ ပလက်ဝမြို့၊ ရဲစခန်းမှ (ပ) ၁၇/၁၄ပြစ်မှု ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားလျက်ရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ(၂၁) ရက်နေ့က ဆမီးမြို့နယ်ခွဲ၊ အိုးဘိုရွာတွင် အရွယ် မရောက် သေးသော ခူမီး(ချင်း) အမျိုးသမီးငယ်(၂)ဦးအား သားမယားပြု ကျင့်ခဲ့သော်လည်း ပြစ်မှုကျုးလွန်သည့် ရခိုင်အမျိုး သား မောင် ဘိုချေနှင့် မောင်မင်းဌေးတို့အား ယနေ့အထိ သက်ဆိုင်ရာက ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။