ချင်းပြည်နယ်ရှိ လူထုအခြေပြု အဖွဲ့များ ကလေးမြို့တွင် သင်တန်းပြုလုပ်မည်

ချင်းပြည်နယ်ရှိ လူထုအခြေပြု အဖွဲ့များ ကလေးမြို့တွင် သင်တန်းပြုလုပ်မည်
by -
ခိုနုမ်းထုန်

Burma Center Prague (BCP) မှ ကြီးမှုးကျင်းပမည့် ချင်းပြည်နယ်အတွင်းရှိ ရပ်ရွာလူထုအခြေပြု အဖွဲ့အစည်း များအတွက် စီမံကိန်းရေးဆွဲခြင်း နှင့် အကောင် အထည်ဖော်ခြင်းဆိုင်ရာ သင်တန်း ကို ဧပြီလ ၄ – ၆ ရက်အထိ ကလေးမြို့တွင် ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် အထူးသဖြင့် မိမိတို့ရပ်ရွာအတွင်းရှိ လူငယ်၊ အမျိုးသမီး၊ ကျန်းမာရေးကဏ္ဍများကို ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးနေသော အဖွဲ့အစည်းများ၊ စီမံကိန်းတခုခုကို လုပ်ဆောင်ရန် အတွက် အစီအစဉ် ရှိသော်လည်း အကောင်အထည်ဖော်ရန် နှင့် လိုအပ်သည့်ရံပုံငွေရရှိရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို မသိသေးသော အဖွဲ့အစည်းများ၊ မိမိ၏ အဖွဲ့အစည်းကို ပိုမို၍သိကျွမ်းနား လည်ပြီး တိုးတက်စေရန်နှင့် အခြားသောဒေသတွင်းရှိ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လိုသော သူများအတွက် ရည်စူးပြီး ဤသင်တန်းကို Burma Center Prague (BCP) မှ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဤသင်တန်းမှာ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ အဖွဲ့အစည်းများ နှင့် ကလေးမြို့နယ်မှာရှိတဲ့ လူထုအကျိုးပြုလုပ် ငန်းကို လုပ်ဆောင်နေသော အဖွဲ့အစည်းများကို ဖိတ်ကြားသွားမှာဖြစ်ပြီး အဖွဲ့အစည်းတခုမှ လူ ၂ ဦး တက်ရောက်နိုင် ကြောင်း နှင့် ချင်းပြည်နယ်အတွင်းမှလာရောက်ဖို့ အခက်အခဲရှိသောသူများကိုလည်း ခရီးစရိတ်ထောက်ပံ့ပေးသွားမှာ ဖြစ်သည်။

အဆိုပါသင်တန်းမှ တက်ရောက်လာသော သင်တန်းသူ၊ သင်တန်းသားများ၏ အကောင်းဆုံးစီမံကိန်းအကြံ ဉာဏ်များ ကို အကောင်အထည်ဖော်နိုင်ရန်အတွက် BCP ထံမှ အသေးစားရံပုံငွေကို ပြန်လည်လျှောက်ထား နိုင်ကြောင်း နှင့် BCP အနေဖြင့် ချင်းပြည်နယ်အတွင်းရှိ အောက်ခြေအဆင့် ရပ်ရွာအခြေပြုလူမှုအဖွဲ့အစည်း များနှင့် လူထုအကျိုးပြု အစီ အစဉ်များ အား ပြုလုပ်နေသော အဖွဲ့အစည်းများအတွက် အသေးစားရံပုံငွေ (၆) ခု မြန်မာငွေ ၈ သိန်းကို ၂၀၁၄ ဇွန်လမှ နိုဝင်ဘာလကြားတွင် အကောင်အထည်ဖော်နိုင်ရန် ကမ်းလှမ်းမည်ဖြစ်ပါသည်။

BCP အဖွဲ့အစည်းသည် Czech Republic နိုင်ငံတွင် အခြေစိုက်သော အဖွဲ့အစည်းဖြစ်တခုဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် လည်းရုံးခွဲတည်ရှိပြီး အဓိကအားဖြင့် အိန္ဒိယရောက်မြန်မာအဖွဲ့အစည်းများကို ကူညီပေးသောအဖွဲ့အစည်းတခုဖြစ်ရာ နယ်စပ်ဒေသများ နှင့် ပြည်တွင်းရှိ လူထုအကျိုးပြုလုပ်ငန်းကို လုပ်ဆောင်နေသော မြန်မာအဖွဲ့အစည်း များကို ပြန်လည် ထောက်ပံ့ကူညီရန် လုပ်ဆောင်လာခြင်းဖြစ်သည်။