သန်းခေါင်စာရင်းကိစ္စ နိုင်ငံတော်သမ္မတထံ ချင်းအဖွဲ့စာပို့

သန်းခေါင်စာရင်းကိစ္စ နိုင်ငံတော်သမ္မတထံ ချင်းအဖွဲ့စာပို့
by -
ခိုနုမ်းထုန်

နိုင်ငံတော်အစိုးရမှ စီစဉ်လျက်ရှိသော ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမည့်ကိစ္စတွင် ချင်းလူမျိုး အပါအဝင် တိုင်း ရင်းသားလူမျိူးများအတွက် ထိခိုက်နစ် နာနိုင်ဖွယ်ရာများ ပေါ်ထွက်လာနိုင်သည် ဟု ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုအဖွဲ့က နိုင်ငံတော် သမ္မတထံ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စာရေးသားပေး ပို့လိုက်သည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် လူမျိုးအမည်အတွက် အသုံးပြုမည့် ကုတ်အမှတ်များ(Code numbers) ကို သတ်မှတ် ရာ၌ မျိူးနွယ်စုအမည်များ မှားယွင်းလွဲချော်နေခြင်း၊ မျိူးနွယ်စု အမည်မဟုတ်သည်များကို မျိူးနွယ်စု အမည် အဖြစ် ရေးသားဖေါ်ပြထားခြင်း၊ မျိုးနွယ်စုတစ်ခု တည်းကို ဒေသန္တရအခေါ်များဖြင့် နှစ်ကြိမ်၊ သုံးကြိမ်ဖေါ်ပြထားခြင်း၊ မျိူးနွယ်စု နှစ်ခုကို တစ်ခု တည်းအဖြစ် ရေးသားဖော်ပြထားခြင်း၊ မျိူးနွယ်စုအမည်မပါ ကျန်ရစ်ခဲ့ခြင်းများရှိနေသည် ဟု ချင်းအမျိူး သားအထောက် အကူပြုအဖွဲ့၏ နိုင်ငံတော်သမ္မတထံ ပေးပို့သော စာတွင် ဖော်ပြထားသည်။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ပြုစုထားသော သန်းခေါင်စာရင်းဆိုင်ရာမေးခွန်းလွှာများတွင် ချင်းလူမျိူးများနှင့်ပတ် သက်ပြီး ကုတ်နံပါတ် ၄၀၅ တွင်  ခူမီး(Khumi)ဟု ရေးရမည့်အစား ခမိ (Khami) ဟုမှားယွင်းရေးထားခြင်း၊ ကုတ်နံပါတ် ၄၀၃၊ ၄၂၅ နှင့် ၄၄၁ တွင် ဖော်ပြထားသော ဆလိုင်း၊ ထေးဇန်၊ လေးမြို့ စသည်တို့မှာ မျိူးနွယ်စုအမည်များ မဟုတ်ခြင်း၊ ကုတ်နံပါတ် ၄၀၄ တွင်ဖော်ပြထားသော ကလင်ကော့ မျိူးနွယ် နှင့် ကုတ်နံပါတ် ၄၄၀ တွင် ဖော်ပြထား သော လူရှည် မျိူးနွယ်တို့မှာ မျိူးနွယ်စုတစ်မျိုးတည်းသာဖြစ်သည်ဟု ချင်းအထောက်အကူပြုကော်မတီက ထောက်ပြ ထားသည်။

ထို့အပြင် ကုတ်နံပါတ် ၄၃၀ တွင်ဖော်ပြထားသော ဒိုင်(ယင်းဒူ) မျိူးနွယ်စုသည် မျိူးနွယ်စု တစ်ခု မဟုတ်ဘဲ အမှန်တွင် ဒိုင် နှင့် ယင်းဒူသည် မျိူးနွယ်စုတစ်ခုစီဖြစ်ကြောင်း၊ ကူကီးမျိူးနွယ်စု၊ ဇက်မျိူးနွယ်စုအမည်များ ကျန်ရစ်ခဲ့ခြင်းများရှိနေ ပြီး မြန်မာနိုင်ငံရှိတိုင်းရင်းသားလူမျိုးများ၏ ပကတိအဖြစ်မှန်နှင့်ကိုက်ညီမှန်ကန်မှုမရှိ သော လူမျိုး ၁၃၅မျိုးစာရင်းပါ ချင်းမျိုး နွယ်စု ၅၃ မျိုး စာရင်းကို အခြေခံ၍ အသုံးပြုရန်စီစဉ်ထားမှုသည် ချင်းလူမျိုးများအနေဖြင့် မိမိတို့၏ မျိုးနွယ်စု အမည်များနှင့် ကိုယ်ပိုင်အမျိုးသား ယဉ်ကျေးမှုလက္ခဏာများ၊ အခွင့်အရေးများ၊ ပျောက်ကွယ် ဆုံးရှုံးသွားမည်ကို အထူး စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း နိုင်ငံတော်သမ္မတထံ ပေးပို့သော စာတွင် ဖော်ပြထားသည်။

ကုတ်အမှတ် ၄၀၁ (Code 401) ပါ “ချင်း” ဆိုသည်မှာ လူမျိုး (Race) အမည်ဖြစ်ပြီး ကုတ် အမှတ်နှစ်ခု၊ သုံးခု [ဥပမာ - မေထေး/ကသည်း (Code 402)၊ နာဂ (Code 431)၊ တန်ကူ (code 432) စသည်တို့]ကလွဲလျင် ကျန် ကုတ်အမှတ်အားလုံးသည် ချင်းလူမျိုးအတွင်းရှိ မျိုးနွယ်စု (Tribe) အမည်များသာ ဖြစ်ကြောင်း၊ လူမျိုး အမည်နှင့်မျိုးနွယ်စုအမည်များကို အဆင့်အတန်းတူ သတ်မှတ်၍ စာရင်းကောက်ယူခြင်းအားဖြင့် ချင်းမျိုးနွယ်စုများ အချင်းချင်း ပဋ္ဋိပက္ခဖြစ်ပွား လာနိုင်ကြောင်း ယင်းတို ့၏ စာတွင်ဖေါ်ပြထားသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာတွင် လက်ရှိအသုံးပြုမည့် ချင်းလူမျိုး ၅၃ မျိုးစာရင်းကို အခြေခံ၍ ကုတ်အမှတ်သတ်မှတ်ခြင်းသည် ချင်းလူမျိုးများအတွက် ပြည်စုံမှန်ကန်မှုမရှိ သည့် အပြင်၊ ချင်းမျိုးနွယ်စုအချင်းချင်း ကြားတွင် ပဋ္ဋိပက္ခများဖြစ်ပေါ်စေနိုင်သဖြင့်၊ ဗဟိုသန်းခေါင် စာရင်းကော်မရှင်အနေဖြင့် ချင်းတိုင်းရင်းသားအဖွဲ့အစည်း များနှင့် အလျင်အမြန်တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီးမှ သန်းခေါင်စာရင်းကောက်ယူရေးကိုဆောင်ရွက်ပေးရေး၊ သန်းကောင် စာရင်းကောက် ယူရာတွင် ‘ချင်း’ ဟူသည့်ကုတ်နံပါတ် ၄၀၁ ကို မထည့်သွင်းမိဘဲ မိမိတို့ ဒေသသုံး ချင်းမျိုးနွယ်စု အမည်တစ်ခုခုကို ထည့်သွင်းကြသူများအားလည်း ချင်းလူမျိုးစာရင်းထဲတွင်သာ ဆက်လက် ထည့်သွင်းပေးရေးနှင့် နိုင်ငံရပ်ခြားတွင် တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ အကြောင်းအမျိုး မျိုးကြောင့် ရောက်ရှိနေထိုင်နေကြသော ချင်းလူမျိိုးများကို လာမည့်သန်းခေါင်စာရင်းကောက် ယူရာတွင် အဟန့်အတား၊ တရားစွဲဆိုအရေးယူခံရခြင်းများမရှိစေဘဲ စာရင်းသွင်းခွင့်ရရှိနိုင်ရေး အတွက် တပါတည်း တောင်း ဆိုထားသည်။

ထို ့အပြင် သန်းခေါင်စာရင်းကောက်ယူရာမှ ထွက်ပေါ်လာသည့်ရလဒ်တစ်ခုတည်းကိုသာ အခြေခံပြီး ချင်းမျိုး နွယ်စုအရေအတွက်ကို သတ်မှတ်ခြင်းမပြုလုပ်ပါရန်နှင့် ချင်းမျိုးနွယ်စုများ တိကျမှန်ကန်စွာ သတ်မှတ်နိုင်ရေးအတွက် ချင်းလူထုကိုယ်တိုင်ပါဝင်ဆောင်ရွက်ခွင့် အစီအစဉ် များချမှတ်ဆောင်ရွက်ပေးရေးနှင့် ချင်းလူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးများအနေဖြင့် လုံလောက်သော ကြိုတင်ပြင်ဆင်မှုရရှိနိုင်ရန် လိုအပ်ပါက သန်းခေါင်စာရင်း စတင်ကောက်ယူ မည့်နေ့ရက်ကို အနည်းဆုံး ရက်ပေါင်း (၃၀) ရွှေ့ဆိုင်းပေးရေးကိုလည်း ၄င်းတို ့၏ စာတွင် ထပ်လောင်း တောင်းဆိုထားသည်။