၂၀၁၄သန်းခေါင်စာရင်းတွင် ဘုံအမည်“ချင်း” ကိုထည့်သွင်းကြရန် တောင်းဆို

၂၀၁၄သန်းခေါင်စာရင်းတွင် ဘုံအမည်“ချင်း” ကိုထည့်သွင်းကြရန် တောင်းဆို
by -
ခိုနုမ်းထုန်

လာမည့် မတ်လအတွင်း သန်းခေါင်စာရင်းကောက်ယူသည့်အခါ လူမျိုးနေရာ၌ ချင်းပြည်သူလူထု တစ်ရပ်လုံး အနေဖြင့် ဘုံအမည်ဖြစ်သော “ချင်း” ကိုသာ တခဲနက်ထည့်သွင်းကြရန် ၂၀၁၄ သန်းခေါင် စာရင်းဆိုင်ရာ ချင်းအမျိုးသား အထောက် အကူပြုကော်မတီက တောင်းဆိုလိုက်သည်။

ကော်မတီသည် ၂၀၁၄ ခုနှစ် သန်းခေါင်စာ ရင်းကောက်ယူရာ တွင် ချင်းကုတ်နံပါတ်ဖြစ်သော (၄၀၁) တွင် ချင်းပြည်သူ တရပ်လုံးအနေဖြင့် “ချင်း” လူမျိုး ဟု တစ်ခဲနက် ထည့်ကြရန် ဇန်နဝါရီ ၂၇ ရက်နေ့က အလေးအ နက်တိုက်တွန်းတောင်း ဆိုလိုက်ကြောင်း ကြေညာချက် တစ်စောင်ထုတ်ပြန် ထားသည်။

အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ဘုံအမည်ဖြစ်သော “ချင်း” ကို မထည့်သွင်းမိဘဲ မိမိ တို့ဒေသသုံး ချင်းမျိုးနွယ်စု အမည်များကို ထည့်သွင်းသူများအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ချင်းလူမျိုးစာရင်းတွင်သာ ထည့် သွင်းရေ တွက်ပေးပါ ရန် အလေးအနက်တောင်းဆိုထားကြောင်း ဆက်လက်ဖော်ပြထားသည်။

အစိုးရ၏ စာရင်းသတ်မှတ်ထားချက်အရ မျိုးနွယ်စုပေါင်း(၅၃) မျိုးရှိသော ချင်းလူမျိုးများအနေဖြင့် သန်းခေါင်းစာရင်း ကောက်ယူရာ၌ မျိုးနွယ်စုအမည်များကို အသုံးမပြုဘဲ “ချင်း” ဆိုသော အမျိုးသား အမည်နာမကိုသာ အသုံးပြုကြရန် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နို၀င်ဘာလ ၁၂ မှ ၁၅ ရက်နေ့ အထိ ဟားခါးမြို့တွင် ကျင်းပသော ဒုတိယအကြိမ် ချင်းအမျိုးသား ညီလာခံ တွင် ဆုံးဖြတ်ခဲ့ ပြီးဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၁၄ သန်းခေါင်စာရင်း ရလဒ်တစ်ခုကိုသာ အခြေခံပြီး ချင်းမျိုးနွယ်စု အရေ အတွက် သတ်မှတ်ခြင်း မပြုရန် နှင့် ချင်းမျိုးနွယ်စုများ တိကျမှန်ကန်စွာ သတ်မှတ်နိုင်ရေး အတွက် ချင်းလူထုများပိုမိုပါဝင်ဆောင် ရွက်နိုင်မည့် အစီအစဉ် ချမှတ်ဆောင်ရွက်ပေးရန်လည်း ယင်းကော်မတီက တိုက်တွန်းထားသည်။

၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှုကို၂၀၁၄ ခုနှစ် မတ် ၃၀ မှ ဧပြီ ၁၀ ရက် အထိ ၁၂ ရက်ကြာ ကောက် ယူမည် ဟု အစိုးရက တရားဝင် ကြေညာထားပြီးဖြစ်သည်။

ယင်းသို့ကောက်ယူရာ၌ မြန်မာနိုင်ငံတွင်နေထိုင်သူများနှင့် နိုင်ငံတကာတွင် တာဝန်ထမ်းဆောင်နေ ကြသော မြန်မာသံရုံးမှ ၀န်ထမ်းများ၊ နိုင်ငံခြားတွင် ပညာတော်သင်စေလွှတ်ခံရသူများ ကိုသာ ကောက်ခံ မည်ဖြစ်ပြီး၊ တရား ၀င်ဖြစ်စေ၊ တရား မဝင်ဖြစ်စေ နိုင်ငံခြားသို့ သွားရောက် အလုပ်လုပ်ကိုင်နေသူများ ကိုမူ ကောက်ခံမည်မဟုတ်ကြောင်း အစိုးရကကြေညာ ထားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသား အထောက် အကူပြုကော်မတီ က နိုင်ငံခြား တွင် တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ သွားရောက်နေ ထိုင်ကြသော ချင်းလူမျိုးများကို သက်ဆိုင်ရာ မြန်မာနိုင်ငံ သံရုံးများ တွင် အဟန့်အတား၊ တရားစွဲ ဆိုခံရခြင်းများမရှိပဲ သွားရောက်အမည် စာရင်းသွင်းခွင့် ရရှိရေးအတွက် ဆောင်ရွက်ပေး ရန် နိုင်ငံတော် အစိုးရကို တောင်းဆိုထားသည်။

ထို့အပြင် သန်းခေါင်စာရင်းကောက်ယူရေး နှင့်ပတ်သက်၍ တိုင်းရင်းသားများအနေဖြင့် ကြိုတင်ပြင်ဆင် မှုများရရှိနိုင်ရန် သန်းခေါင်စာရင်းကောက်ယူမှု အစီအစဉ်ကို အနည်းဆုံး ရက်ပေါင်း(၃၀)ခန့် ရွှေ့ဆိုင်းပေး ပါရန် ဗဟို သန်းခေါင် စာရင်းကော်မရှင် ကို တောင်းဆို ထားကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

သန်းခေါင်စာရင်းကောက်ယူရေးနှင့်ပတ်သက်ပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်( ZCD) ပါတီကမူ “ချင်း” ဆိုသည့်အမည် သည် မိမိတို့ မူယင်းအမည် မဟုတ်သောကြောင့် ချင်းပြည်နယ်အထက်ပိုင်း တီးတိန်၊ တွန်းဇံ ၊ ကျီခါး၊ ကလေး ၊ တမူး၊ မန္တလေး နှင့် ရန်ကုန်တို့တွင် ပျံ့နှံနေထိုင်ကြသော ဇိုမီးမျိုးနွယ်စုများအနေဖြင့် မိမိတို့ မူရင်းအမည် “ဇိုမီး” ကိုသာ သန်းခေါင်စာရင်းတွင် ထည့်သွင်း ကြရန် စည်းရုံးလှု့ံဆော်မှုများ ပြုလုပ်နေသည်။

၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မတီ (Chin National Action Committee on Census 2014) ကို ချင်းလူမျိုးများ၏ အမျိုးသားအကျိုးစီးပွား နစ်နာ ဆုံးရှံုးမှု နည်းနိုင်သမျှ နည်းအောင် ကာကွယ် နိုင်ရန် ချင်းနိုင်ငံရေးပါတီများ၊ ချင်းလူမူရေးအသင်း အဖွဲ့များနှင့် ချင်းတတ်သိ ပညာရှင်များအပါအဝင် အဖွဲ့ဝင် (၂၁)ဦး ဖြင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့ ရန်ကုန်မြို့၌ ဖွဲ့စည်းခြင်းဖြစ်သည်။