ခူမီး(ချင်း)မျိုးနွယ်စုများက ၂၀၁၄ သန်းခေါင် စာရင်းကောက်ခံခြင်းဆိုင်ရာသဘောထား ထုတ်ပြန်

ခူမီး(ချင်း)မျိုးနွယ်စုများက ၂၀၁၄ သန်းခေါင် စာရင်းကောက်ခံခြင်းဆိုင်ရာသဘောထား ထုတ်ပြန်
by -
ခိုနုမ်းထုန်

လာမည့် မတ်လတွင် တနိုင်ငံလုံးအတိုင်အတာဖြင့် ကောက်ခံမည့် သန်းခေါင် စာရင်းကိစ္စနှင့် ပတ်သက်ပြီး ခူမီး(ချင်း) မျိုးနွယ်စုများက ၎င်းတို့သဘောထား တရပ်ကို ဇန်နဝါရီ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ကြသည်။

ခူမီးချင်းမျိုးနွယ်စုဖိုရမ်၊ ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီ နှင့် ပလက်ဝမြို့နယ် လူမှုရေး အသင်း (ရန်ကုန်)တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ ဂျီတီအိုင်ရုံးတွင် ဇန်နဝါရီ ၂၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲ တရပ်ကျင်းပကာ ၎င်းတို့သဘောထားကို ထုတ်ပြန်ခဲ့ကြခြင်းဖြစ် သည်။

ယင်းထုတ်ပြန်ချက်တွင် ၂၀၁၄ သန်းခေါင်းစာရင်းတွင် အသုံးပြုမည့် ချင်းကုတ်အမှတ်(၄ဝ၅)၌ ပါရှိသည့် ‘ခမီး’ဟူသော အမည်သည် အခြားသူများက ခေါ်ဝေါ်ခြင်းသာဖြစ်ပြီး ၎င်းတို့မျိုးနွယ်စု၏ အမည်မှန် မဟုတ်၍ လက်မခံနိုင်ကြောင်း ဖော်ပြထားသည်။

“ ချင်းကုတ်အမှတ်(၄ဝ၅)၌ ပါရှိသည့် ‘ခမီး’ဟူသော အမည်သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ဆမီးမြို့နယ်ခွဲ အတွင်းအဓိကနေထိုင်ကြပြီး ယခုအခါ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည် နယ် နှင့် နိုင်ငံရပ်ခြားတို့တွင် ပျံ့နှံ့ရောက် ရှိနေထိုင်ကြသည့် “ခူမီး” ချင်းမျိုးနွယ်စုများကို “ခူမီး” ချင်းမဟုတ်သူများက ခေါ်ဝေါ်သည့်အမည်သာဖြစ်ပြီး ခူမီး ချင်း မျိုးနွယ်စုများက မိမိတို့၏ မျိုးနွယ်စု အမည်အဖြစ် လက်မခံနိုင်’’ ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ချင်းအမျိူးသားညီလာခံတွင် သဘောတူညီခဲ့ကြသော ၂၀၁၄ မြန်မာနိုင်ငံ သန်းခေါင် စာရင်း ကောက်ယူရာ တွင် လူမျိုးနေရာ၌ “ချင်း” ဟူ၍သာထည့်သွင်းကြရန် သဘောတူညီချက်ကို ထပ်လောင်း အတည်ပြုကြောင်း ယင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဘုံအမည်ဖြစ်သော “ ချင်း” ဆိုသည်ကို မထည့်သွင်း မိဘဲ မိမိတို့ဒေသသုံး ချင်းမျိုးနွယ်စုအမည်များကို ထည့်သွင်းကြသူများကိုလည်း ချင်းလူမျိုးစာရင်း တွင်သာ ပါ၀င်ထည့်သွင်းရေတွက်ပေးရန် နိုင်ငံတော်အစိုးရအား အလေးအနက်တောင်းဆိုထား သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရပ်ခြားတွင် တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေ ထိုင်ကြသော ခူမီး ချင်းမျိုးနွယ်စုများအနေဖြင့် သက်ဆိုင်ရာ မြန်မာသံရုံးများတွင် အဟန့်အတား၊ တရားစွဲဆိုခံရခြင်းမရှိဘဲ သွားရောက် အမည်စာရင်းပေးသွင်းခွင့်ရရှိစေရန် နိုင်ငံတော်အစိုးရအား အလေးအနက်တောင်းဆိုထားသည်။

ခူမီး ချင်းမျိုးနွယ်စုများသည် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် နှင့် ဆမီးမြို့နယ်ခွဲတို့တွင် အဓိကနေထိုင်ကြ သည်။ ယခုအခါ ရန်ကုန်တိုင်းဒေသကြီး ၊ ကချင်ပြည်နယ် နှင့် နိုင်ငံရပ်ခြား တို့တွင် လည်း ပျံ့နှံ့နေထိုင်လာကြပြီး ပြည်တွင်းပြည်ပလူဦးရေ စုစုပေါင်း ရ သောင်းကျော်ခန့်ရှိ သည်ဟု သိရသည်။

Most read this week