ဖလမ်းလူငယ်ညီလာခံက အချက် ၈ ချက်ပါ၀င်သော တောင်းဆိုချက်ထုတ်ပြန်

ဖလမ်းလူငယ်ညီလာခံက အချက် ၈ ချက်ပါ၀င်သော တောင်းဆိုချက်ထုတ်ပြန်
by -
ခိုနုမ်းထုန်

ချင်းပြည်နယ် ဖလမ်းမြို့တွင် ဒီဇင်ဘာ ၂၈ မှ ဇန်နဝါရီ ၂ ရက်နေ့အထိ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သော ဖလမ်းလူငယ်ညီလာခံက အချက် ရ ချက်ပါ ၀င်သော တောင်းဆိုမှု တရပ်ကို ဇန်နဝါရီလ ၂ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။

၅ ရက်တိုင်တိုင်ကျင်းပပြုလုပ်ခဲ့သော ယင်းညီလာခံတွင် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ ကလေး၊ တမူး၊ ဟားခါး၊ ဖလမ်း နှင့် ရိဒ်ခေါဒါမြို့နယ်တို့မှ လူငယ်ပေါင်း ၂၈၄ ဦးတက်ရောက်ခဲ့ကြပြီး ချင်းပြည်နယ် ဖွံဖြိုးတိုးတက်ရေးအပါအဝင် အခြားအကြောင်းအရာများဆွေးနွေးခဲ့ကြသည်။

ဖလမ်းညီလာခံက လက်ရှိသမ္မတဦးသိန်းစိန်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်အား ကြိုဆိုပြီး အနာဂတ်မြန်မာနိုင်ငံတော် တည်ရောက်ရာတွင် ပင်လုံစိတ်ဓာတ်အားအခြေခံကာ ပြည်နယ်တွင် လုပ်ပိုင်ခွင့်အာဏာ အား ပိုမိုအပ်နှင်းသော ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ဖြင့် တည်ဆောက် သွားရန် တောင်း ဆိုထားသည်။

ချင်းပြည်နယ် နှင့် ကလေးမြို့နယ်အတွင်း ရောင်းချလျက်ရှိသော အရက်သေစာများကို ကျန်းမာရေးစံထုံး စံညွန်းများ နှင့်အညီ စီစစ်ပြီးမှသာ ရောင်းချရန်၊ ချင်းပြည်နယ် ဖလမ်းမြို့ ဆူရ်ဘုန်တောင် လေယာဉ်ကွင်း စီမံကိန်းကို လည်း အမြန်ဆုံးအကောင်ထည်ဖော်ဆောင်ရန်၊ မြွေတောင်ဖားတောင်အပါအဝင် ချင်းပြည်နယ်ရှိ သဘာဝ တွင်းထွက် ပစ္စည်းများကို ဒေသခံများ၏ ဆန္ဒမပါဘဲ ပွင့်လင်းမြင်သာမှုမရှိဘဲ ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ ထုတ်ယူနေခြင်း ကို ပြင်းထန်စွာ ကန့်ကွက် လိုက်ပြီး၊ နိုင်ငံတကာ စံချိန်စံညွန်းများဖြစ်သော EIA/SIA နှင့်အညီ ဆောင်ရွက်ရန် ဖလမ်းလူငယ်ညီလာခံကတောင်းဆိုသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

ထို့အပြင် ချင်းပြည်နယ်တွင် ချင်းဘာသာစကားများအား ရုံးသုံးဘာသာစကားအဖြစ် မြန်မာဘာသာစကားနှင့် ပူးတွဲ သတ်မှတ်ရန်၊ မြန်မာနိုင်ငံတွင် အဆင်းရဲ ဆုံးပြည်နယ်အဖြစ် သတ်မှတ်ခံထားရသော ချင်းပြည်နယ် တွင် ဒေသခံဖွံ့ဖြိုး ရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍစုံဖွံဖြိုးရေးတို့အား အထူးဖွံဖြိုး တိုးတက်ရေးဇုံအဖြစ် သတ်မှတ်ကာ ချင်းပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးဂရုပြုတည်ဆောက်ပေးရန် လေးနက်စွာတောင်း ဆိုကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါ တောင်းဆိုချက်များနှင့်ပတ်သက်ပြီး အကောင်ထည်ဖော်ဆောင်မှုရှိမရှိ နှင့် ထိရောက်စွာ အသက်ဝင်လာ နိုင်စေရန် ဖလမ်းလူငယ်များကွန်ယက် (Falam Youth Network) ကိုဖော်ဆောင်ပြီး အနီးကပ် စောင့်ကြည့်လေ့လာ သွားမည်ဟု သိရသည်။

ပထမဆုံးအကြိမ်ကျင်းပသော ဖလမ်းလူငယ်ညီလာခံတွင် ချင်းအမျိူးသားတပ်ဦမှ အဓိပတိကောင်စီဝင် အလှည့်ကျဥက္ကဌ ဒေါက်တာ ဇလှေထန်း၊ စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ပူးနိုးထန်ကပ်၊ ချင်းပြည်နယ် အစိုးရမှ ၀န်ကြီး ဦးငွန်ဆန်းအောင်တို့အပါအဝင် အထင်ကရ ချင်းလူမျိုးအမြောက်အများ တက်ရောက်ခဲ့ ကြသည်။