မတူပီမြို့တွင် ငြိမ်းချမ်းရေးဖလားဘော်လုံးပွဲကျင်းပမည်

မတူပီမြို့တွင် ငြိမ်းချမ်းရေးဖလားဘော်လုံးပွဲကျင်းပမည်
by -
ခိုနုမ်းထုန်

ချင်းပြည်နယ်မတူပီမြို့နယ် ငြိမ်းချမ်းရေးဖလားဘော်လုံးပွဲကို လာမည့် ဒီဇင်ဘာ (၉)ရက်နေ့မှ (၂၀) ရက်နေ့အထိ မတူပီမြို့ အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း အားကစားကွင်းတွင် ကျင်းပမည်ဟု သိရသည်။

အေးချမ်းသာယာပြီး ခေတ်မှီတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဟူသော နိုင်ငံတော် အမျိုးသားပန် တိုင်အောက်တွင် စည်းကမ်းနှင့် ဥပဒေကို လိုက်နာ ထိန်းသိမ်းတတ်စေရန်၊ ကျန်းမာ သန်စွမ်း၍ ထူးချွန်ထက်မြက်သော နိုင်ငံသားကောင်း ရတနာများ ပေါ်ထွက်လာစေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး ပေါင်းသင်းဆက်ဆံရေး ပြေပြစ်မှု ရှိစေရန်၊ စုပေါင်း လှုပ် ရှား အားကစား စိတ်ဓါတ်ဖြင့် လူသား တို့ကို အဖက်ဖက်မှ ဖွံ့ဖြိုး တိုးတက်အောင် ပူးပေါင်းဆောင်ရွက်တတ်သည့် အတွေ့ အကြံုကောင်းများ ရရှိစေရန် နှင့် ရွက်ပုန်းသီး အားကစားသမား များမှ  နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်း လာစေရန် ရည်ရွယ်ကျင်းပကြခြင်းဖြစ်သည်ဟု သိရသည်။

” ဒါက အစိုးရ နဲ့ စီအဲန်အက်ဖ်ရဲ့ အကြား ငြိမ်းချမ်းရေး ရယူမှုရဲ့ ရလဒ်တခုလို့ ပြောရမှာပါ ၊ ပြိုင်ပွဲဖြစ်မြောက်ရေး အတွက် မြို့မိမြို့ဖ၊ အစိုးရ ဌာနဆိုင်ရာ တာဝန်ရှိတွေ၊ အားကစားသမားဟောင်းတွေနဲ့ ကျယ် ကျယ်ပြန့်ပြန့်ဖွဲ့ စည်းထား ပါတယ် ” ဟု ချင်းအမျိုးသား တပ်ဦး၊ မတူပီဆက်ဆံရေးရုံး လက်ထောက်တာဝန်ခံ ပူးမန်လိုင်းက ပြောသည်။

ပြိုင်ပွဲတွင် မတူပီမြို့ပေါ်(၄) ရပ်ကွက်မှ တသင်းစီ၊ ဌာနပေါင်းစုံ၊ နယ်အသင်း စသဖြင့် စုစုပေါင်း (၁၀) သင်း ပါ၀င်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် နာယက အဖွဲ့၊ ပြိုင်ပွဲ ကျင်းပရေး ဦးစီးအဖွဲ့၊ ပြိုင်ပွဲကျင်းပ ရေးဆပ်ကော်မီတီများဖြင့် ဖွဲ့စည်းကျင်းပသွားကြမည်ဖြစ်သည်ဟု ထပ်မံသိရသည်။

ငြိမ်းချမ်းရေးဖလား ဘောလုံးပြိုင်ပွဲကို နာယကကြီးများ နှင့် ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မီတီ၏ ကြီးကြပ် လမ်းညွန်မှု အောက်တွင် အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရန်ပြင်ဆင်လျက်ရှိပြီး ပြိုင်ပွဲအတွက် ကုန်ကျစရိတ်ကို ကျပ်ငွေ ၁၃ သိန်း ခန့်မှန်းထားကြောင်း သိရသည်။