CNF နာမည် အလွဲသုံးစားလုပ်ပြီး ဆက်ကြေးကောက်သူအားဖမ်းဆီး

CNF နာမည် အလွဲသုံးစားလုပ်ပြီး ဆက်ကြေးကောက်သူအားဖမ်းဆီး
by -
ခိုနုမ်းထုန်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်း ချင်းအမျိုးသားတပ်ဦး CNF နာမည်ဖြင့် ဒေသခံများထံ လိမ်လည်၍ ငွေကြေး ကောက်ခံသူများအား ဒေသခံတွေက ဖမ်းဆီးပြီး ရဲလက်ထဲအပ်ထားကြောင်း သိရသည်။

၄င်းတို့မှာ ပလက်ဝမြို့နယ်၊ ထိုးနုံးကျေးရွာနေ အဘ ဦးမှန်ထိုး၏ သား ဦးဒိုင်လင်းထန်း (၃၅) နှင့် မင်းတပ်မြို့နယ်၊ မတမ်ဆိပ်နုံးကျေးရွာနေ အဘ ဦးရှိန်းထုန်း၏ သား  ဦးကွီရှင်း (၂၆)နှစ် တို့ ဖြစ်ကြသည်ဟု သိရသည်။

၂၀၁၃ခုနှစ်၊ နို၀င်ဘာလ ၂၁ ရက်နေ့က  လယ်တဲကျေးရွာနှင့် သလူဝကျေးရွာသားများထံ  တစ်အိမ်ထောင်လျှင် ကျပ်ငွေ ၁၀၀၀ စီ ကောက်ခံနေစဉ်  ရွာသားများနှင့် ဆင်အိုးဝအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးကွမ်းအောင်တို့က ဖမ်းဆီးခဲ့ပြီး ရှင်းလက်ဝ စခန်းမှူး ဒုရဲအုပ်မျိုးအောင်ထံ အပ်နှံခဲ့ကြကြောင်း ခူမီးမီဒီယာက ဖော်ပြထားသည်။

 “ ဒီတရားခံနှစ်ဦး ဖမ်းဆီးတဲ့ သက်ဆိုင်ရာ ဒေသခံတွေနဲ့ ရဲတာဝန်ရှိတွေအပေါ် ကျေးဇူးတင်တယ် ” ဟု ချင်းအမျိုးသား တပ်မတော်အ မှတ် (၃) ဗျူဟာမှူး ဗိုလ်မှူး ခါပေါင်းက ပြောသည်။

တရားခံနှစ်ဦးကို နယ်မြေခံ ဒုရဲအုပ် မျိုးအောင်နှင့် အဖွဲ့က ပလက်ဝရဲစခန်းသို့ နို၀င်ဘာလ ၂၅ ရက်နေ့က  ပို့ဆောင်ခဲ့ပြီး ပလက်ဝ ရဲစခန်းမှ  အမှုဖွင့်ထားကြောင်း သိရသည်။

CNF သည် ၂၀၀၈ ခုနှစ် ၄င်းတို့၏ စတုတ္တအကြိမ်ပါတီညီလာခံအပြီး ပြည်တွင်းတွင် အလှူငွေကောက်ခံခြင်း ကို ရပ်ဆိုင်းခဲ့ သည်။