ချင်းပြည်နယ် အထက်တန်းကျောင်းများတွင် ကွန်ပျူတာ တပ်ဆင်ပြီ

ချင်းပြည်နယ် အထက်တန်းကျောင်းများတွင် ကွန်ပျူတာ တပ်ဆင်ပြီ
by -
ခိုနုမ်းထုန်

ဒိန်းမတ်အစိုးရ၏ အကူအညီဖြင့် ချင်းအမျိုးသားတပ်ဦး CNF က ချင်းပြည်နယ် အထက်ပိုင်းမြို့နယ် ၅ မြို့နယ်ရှိ အထက်တန်းကျောင်းများတွင် ကွန်ပျူတာနှင့် အင်တာနက်လိုင်းများ တပ်ဆင်ပေးနေပြီဟု သိရသည်။

ချင်းပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူများ အိုင်တီနည်းပညာ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် ထည့်သွင်းချုပ်ဆိုခဲ့ပြီး နောက် ချင်းအမျိူးသားတပ်ဦးက ယခုကဲ့သို့ အကောင်ထည် ဖော်ဆောင်လိုက်ခြင်း ဖြစ်သည်။

“အိုင်တီခေတ်နဲ့အညီ ကျနော်တို့ ချင်းပြည်နယ်က ကျောင်းသားတွေ ကွန်ပျူတာနဲ့ အကျွမ်းတဝင် ဖြစ်ဖို့နော်၊ အဲဒါ အတော်လေး အရေးကြီးတယ်လို့ ယူဆလို့ ကျနော်တို့တပ်ဆင်ပေးတာ၊ ဒါပေမယ့် ချင်းပြည်နယ်တခု လုံး မပေးသေးဘူး အဓိကအားဖြင့် တွန်းဇံ၊ တီးတိန် အထက ၁၊ ၂၊ ဖလမ်း အထက ၁၊၂၊ ဟားခါး အထက ၁၊ ၂၊ ၃၊ ထန်တလန် အထက အဲဒါဘဲပေးသေးတယ်’’ ဟု ထန်တလန်မြို့ CNF ဆက်ဆံရေးရုံးတာဝန်ခံ ပူးရာလ်နှင်ကပြောသည်။

ပထမသုတ်အနေဖြင့် ချင်းပြည်နယ် ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ မြို့များရှိ အထက်တန်း ကျောင်း များတွင် တပ်ဆင်ပေးလိုက်ခြင်းဖြစ်ပြီး ဟားခါးမြို့ အထက ၁၊ ၂၊ ၃ ကျောင်းအတွက် ကွန်ပျူတာ ၁၈၄ လုံး၊ တီးတိန် မြို့အတွက် ၁၃၅ လုံး၊ ထန်တလန်မြို့အတွက် ၄၀ လုံး၊ တွန်းဇံမြို့အတွက် ၃၀ လုံး နှင့် ဖလမ်းမြို့အတွက် ကွန်ပျူတာ အလုံး ၁၀၀ စသည်ဖြင့် ခွဲတမ်းချမှတ်ကာ အင်တာနက် အသုံးပြုနိုင်ရန် Satellite Internet များကိုလည်း တပ်ဆင် ပေးထားပြီဟု သိရသည်။

ဒုတိယသုတ်အနေဖြင့် ချင်းပြည်နယ်တောင်ပိုင်း မတူပီ၊ မင်းတပ်၊ ကန်ပလက်နှင့် ပလက်ဝမြို့နယ်မှ အထက်တန်း ကျောင်းများတွင် ဆက်လက်တပ်ဆင်သွားမည်ဟု သိရသည်။

ယခုကဲ့သို့ ချင်းပြည်နယ် အထက်တန်းကျောင်းများတွင် ကွန်ပျူတာများ တပ်ဆင်ပေးနိုင်ရန် ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ် နှင့် CNF ပါတီအထွေထွေအတွင်းရေးမှူးချုပ် (၃) ဒေါက်တာရွှေခါး တို့ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးကာ နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ဒိန်းမတ်အစိုးရ နှင့် သဘောတူညီချက်အရ ချင်းပြည်နယ် အထက်တန်းကျောင်း ၃၀ တွင် ကွန်ပျူတာ ၉၀၃ လုံး၊ ဂြိုဟ် တုုစနစ် အင်တာနက် ၃၅ လုံး၊ မီးစက်နှင့် ဒိုင်နမို ၃၀ လုံးအတွက် ဒိန်းမတ်အစိုးရက ထောက်ပံ့ ကူညီခဲ့ပြီး ကွန်ပျူတာ တပ်ဆင်မှုလုပ်ငန်းကို တင်ဒါရရှိထားသော ကလေးမြို့အခြေစိုက် သစ္စာဦး ကုပ္မဏီက လုပ်ဆောင်နေသည် ဟုသိရသည်။