ခွါလ်ဆင် ချင်း ရိုးရာ ကောက်သစ်ပွဲ (သို့) ချင်းနှစ်သစ်ကူးပွဲတော်

ခွါလ်ဆင် ချင်း ရိုးရာ ကောက်သစ်ပွဲ (သို့) ချင်းနှစ်သစ်ကူးပွဲတော်
by -
ခိုနုမ်းထုန်

ဇလပ်ထက်နီ – ချင်းရိုးရာ ကောက်သစ်ပွဲကို ချင်းနှစ်သစ်ကူးပွဲတော်အဖြစ် ပြန်လည်ကျင်းပခဲ့ကြသည်မှာ (၅) နှစ်ခန့်ရှိပါပြီ၊ ဗြိတိသျှ နယ် ချဲ့လက်အောက်မှ လွတ်လာရေးရရှိပြီး ပထမဆုံး ချင်းရေးရာ ကောင်စီကလည်း အောက်တိုဘာလ ၂၆ – ၂၈ ရက်နေ့ကို တရားဝင်ရုံးပိတ်သည့် ချင်းအမျိုးသားနှစ်သစ်ကူးနေ့အဖြစ် ၁၉၄၉ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် သတ်မှတ် ခဲ့ကြသည်။ ထိုစဉ်က ချင်းရေး ရာကောင်စီဝင်များမှာ Pu Vumthung Maung, Capt. Mang Tung Nung, Pu Sa Vut, Pu Lian Thum တို့ဖြစ်ကြသည်။

သို့သော် ချင်းအမျိုးသားအင်္ဂါရပ်ဖြစ်သော အဆိုပါ ကောက်သစ်ပွဲတော်သည် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ ၀င်းဦးဆောင်သည့် စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ် နောက်ပိုင်း မှေးမှိန်သွားခဲ့သည်၊ ချင်းအမျိုးသား သင်္ကေတ မှေးမှိန်သွားခြင်းသာဖြစ်သည်။

ချင်းလူမျိုးများ၏ မိရိုးဖလာ အသက်မွေးဝမ်းကျောင်းမှုမှာ တနှစ် တကြိမ် ရွှေ့ပြောင်းတောင် ယာစနစ်ဖြစ် သည့်အားလျော်စွာ တနှစ် အတွင်း တောင်ယာမှ ထွက်ရှိသည့် ကောက်သစ်များ စုဆောင်းပြီးချိန်တွင် ကောက်သစ်ပွဲ (ဒေသအခေါ် Tho, Fang Er,Tanreh, Fa E, Khotue, Pawl kut, Khuado စသဖြင့်) ကို မိမိတို့ ဒေသ ဘာသာ၊ ဓလေ့အလိုက် ကျင်းပ လေ့ရှိကြသည်၊ ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မီတီက အားလုံးကို လွှမ်းခြုံအောင် Khua Do ဟု ခေါ်ဝေါ် သတ်မှတ် ခဲ့ကြသည်လည်းရှိသည်။

ချင်းတောင်သည် ပထဝီနယ်မြေ ဖွဲ့စည်းမှုအနေအထား မတူညီမှုကြောင့် လူမျိုးနွယ်စု အသီးသီးတို့၏ ဘာသာစကား၊ ဓလေ့ ထုံးတမ်း၊ ယုံကြည်မှု၊ အယူဝါဒ မျိုးပေါင်းစုံလင်လှသည်၊ သို့သော် အဆိုပါ ကွဲပြားမှုများသည် ပြောပလောက်သော ကွဲပြားမှုမဟုတ်ပေ၊ အနှစ်သာရချင်း တူညီနေသည်သာ။ ယခု တင်ပြမည့် ကောက်သစ်ပွဲတော်၏ အနှစ်သာရသည်လည်း ကောက်သစ်ရရှိသောကြောင့် အသစ်သော အသက်တာဖြင့် နှစ်သစ်ကို ရောက်ရှိသည်ဟု သာ ဖြစ်သည်။

ရှေးယခင်က ရိုးရာ နတ်ပူဇော်ပသခြင်းဖြင့် ကျင်းပခဲ့သည့် ကောက်သစ်ပွဲကို ချင်းလူမျိုးများ ခရစ်ယာန် ဘာသာကို သက်ဝင် ယုံကြည်လာသည့် နောက်ပိုင်း ယာထွက် ကောက်သစ်များအား တနင်္ဂနွေ တရက် ဘုရားကျောင်းမှာ ဆုတောင်းပွဲဖြင့် အလှူဒါနပြုကြသည်။

သို့သော်ချင်းလူမျိုးထဲက ခွါလ်ဆင် ချင်းမျိုးနွယ်စု တို့သည် တိမ်ကောလု ရှေးရိုးရာ ကောက်သစ်ပွဲ သို့မဟုတ် ချင်းနှစ် သစ်ကူး ပွဲတော်ကို ယနေ့တိုင် ထိန်းသိမ်းပြီး ကျင်းပနေကြရသည်မှာ ဂုဏ်ယူစရာ ပင်ဖြစ်သည်။ ခွါလ်ဆင်ချင်းမျိုးနွယ် စုတို့သည် ချင်းပြည်နယ်ဖလမ်းမြို့နယ်တွင် (၁၀) ရွာ၊ ဟားခါးမြို့ နယ်တွင် (၅) ရွာ၊ ကလေး – ကဘော်ဒေသတွင် (၆) တို့တွင် ရွာတည်ပြီး နေထိုင်ကြသည်။

ကောက်သစ်ပွဲမကျင်းပခင် တောင်ယာတွင် စိုက်သီးနှံများ လုံးဝ မကျန် ရိတ်သိမ်းဖို့လိုအပ်သည်၊ ကောက် မသိမ်းနိုင်သေးသူများ ရှိပါက တရွာလုံးက ၀ုိင်းဝန်းကူညီကြသည်၊ တရွာလုံး ကောက်သိမ်းအပြီး ရွာလူကြီး များက ပွဲတော် ကျင်းပမည့် နေ့ ရက် ကို ဆွေးနွေးသတ်မှတ်ကြသည်၊ ပွဲတော်ကို အများအားဖြင့်စက်တင် ဘာ လလယ် မှ အောက်တိုဘာ လလယ် အကြား (၇) ရက် ကြာ ကျင်းပကြသည်၊

ပထမနေ့ပွဲကြိုအဖြစ် အိမ်ဝင်း နှင့် အနီး ပတ်ဝန်းကျင်၊ ရွာတွင်း လမ်းများ၊ ရေကန်များ သန့်ရှင်းရေးကို တရွာလုံး စုပေါင်း လုပ်ကြသည်၊ ထို့အပြင် တပတ်စာ ပွဲတော်အတွက် ကုန်ကျမည့် အစားအသောက်တွေကို စုဆောင်း ပြင်ဆင်ကြသည်၊ အစားအသောက်အပြင် အိမ်တိုင်း က ကောက်ဖက်ထုပ်ကြသည်၊

ဒုတိယနေ့တွင် တနှစ်အတွင်း မသာ ရှိသူများကို ရပ်နီးရပ်ဝေးမှ ဆွေမျိုးများက အိမ်မွေးကြက်၊ လက်ဆောင် တခုခု စသဖြင့် ပါလာပြီး လာရောက် ကြည့်ရှုကြသည်။ တမလွန်ဘဝ ရောက်ရှိနေသူများသည် အဆိုပါ နေ့ရက်တွင် လူ့ဘဝ သို့လာရောက်လည်ပတ်ကြသည် ဟူသော အယူရှိကြသည်။ ထို့ကြောင့် သေလွန် သူများအတွက် အရက်၊ ထမင်းစသည့် စားသောက်ဖွယ်ရာ များကို သီးသန့်ပြင်ဆင်ပေးကြသည်၊ လာရောက် လည်ပတ်သည့် ဆွေမျိုးမိတ်သင်္ဂဟ များကိုလည်း အထူး ဧည့်ခံကျွေးမွေးကြသည်။

တတိယနေ့တွင် တနှစ်အတွင်း မွေးကလေးရှင်များက ကလေးငယ်များအတွက် မုန့်ဖက်လုပ်ကြသည်၊ ထူးခြားချက်မှာ တတိယနေ့ မုန့်လုပ်သည့် နေ့မတိုင်ခင် မွေးဖွားသူ ကလေးငယ်ကိုလည်း တနှစ်ပြည့် ကလေး အဖြစ် သတ်မှတ်ကြ သည်။ ကလေးငယ်သည် ယောင်္ကျားလေးဖြစ်ပါက ခေါင်အိုး နှစ်လုံး နှင့် ၁၀” x ၂ “ အရွယ်အစားရှိ ကောက်ဖက်ထုပ် ၂၀ ထုပ် လုပ်ပေးကြသည်၊ မိန်းကလေးဖြစ်ပါက ခေါင်အိုး တလုံးနှင့် ကောက်ဖက် အထုပ် ၁၅ လုပ်ပေးကြသည်။ ထို့ အပြင် ရွာစော်ဘွားအတွက် ၁၅” x ၃ “ အရွယ်အစားရှိ ကောက်ညှင်းထုပ်နှ စ်ထုပ်စီလည်း လုပ်ပေးကြသည်။ ကောက် ညှင်း ဖက်ထုပ်ရသည်မှာ ခက်ခဲလှသဖြင့်၏ ရွာရှိ ဆွေမျိုးများ အမျိုးသမီးအပျို၊ လူပျိုတွေက ၀ုိင်းကူလုပ်ပေးကြသည်၊ အိမ်ရှင် တွေက သူတို့အား ထမင်းပွဲဖြင့် ဧည့်ခံကျွေးမွေးကြသည်။

စတုတ္တနေ့တွင် ပြင်ဆင်ပြီးသည့် အရက်၊ ကောက်ဖက်ထုပ် တွေကို ရွာစော်ဘွားအိမ်သို့ အသီးသီး ယူဆောင် သွားကြ သည်၊ ကလေးရှင်တိုင်း ကလေးငယ်ကို စော်ဘွားအိမ်သို့ ခေါ်ဆောင်သွားကြသည်၊ ကလေးယောင်္ကျား ကို ညာဖက်၊ ကလေးမိန်းကလေးကို ဘယ်ဖက် တန်းစီ ထိုင်စေပြီး စော်ဘွား သို့မဟုတ် နတ်ဆရာက ကောင်းချီး တောင်းပေးကြသည်၊ ပြီးမှ အစားအသောက်ကို အားလုံးသုံးဆောင်ကြသည်၊ စားသောက်အပြီး နပမ်းသတ်ပွဲ ကို ငယ်စဉ် ကြီးလိုက် ယှဉ်ပြိုင်ကစားကြသည်၊ နပမ်းသတ်ပွဲသည် အနာတရများဖြစ်နိုင်သဖြင့် မိန်းကလေးများ ရှုစားခွင့် မရှိပေ။

ပဥ္စမမြောက်နေ့တွင် စော်ဘွားထံသို့ ပြောင်းဖူး တခိုင်စီ ယူဆောင်သွားကြပြီး စော်ဘွား သို့မဟုတ် နတ် ဆရာဆိုသူက နောင်နှစ်အတွက် ရွာသားများ အစာရေစာ ရရှိရေး အတွက် ဆုတောင်းပေးကြသည်၊ ထို့နောက် ပြောင်းဖူးအား ရွာထဲ ဆင်းရဲ၊ ခက်ခဲသူ များအား မျှဝေကြသည်။ ထိုနေ့တွင်ပင် နောင်နှစ် ခုတ်လုပ်ရမည့် ယာ ကိစ္စ နှင့် အတူ ရပ်ရေးရွာရေး အဝဝ ကို ဆွေးနွေးတိုင်ပင်ကြသည်။

ဆဌမမြောက်နေ့သည် တရွာလုံး တိတ်ဆိတ်အောင် နေပြီး မည်သည့် အသံမျှမကြားရတော့ပါ၊ ရွာသား၊ ဧည့်သည်များ လည်း ရွာထဲ အဝင်အထွက် မလုပ်ရတော့ပဲ ဥပုဒ် စောင့်ကြရတော့သည်၊ လေးဆုပ်စာ ၀က်တကောင်နှင့် အရက် နှစ်အိုးကို နတ်စင်သို့ ယူဆောင်ပြီး ” နှစ်ဟောင်းက အပြစ်များ ကင်းစင်ပြီး အသစ်သော ကောင်းမှုတွေ နှစ်သစ်မှာ ကျရောက်ပါ စေ” ဟု ပူဇော်ပသကြသည်။

သတ္တမ မြောက်နေ့တွင်မူ ကလေးရှင်တွေက ယောက္ခမအိမ်သို့ ကြက် ဦးခေါင်း ၂၀၊ ကြက်ဥ အလုံး ၂၀၀၊ ပြောင်းဆန် နှစ်ပုံး၊ ကောက်ညှင်း အထုပ် ၂၀ ယူဆောင်သွားကြသည်၊ ယောက္ခမ ဖက်က လေးဆုပ်အရွယ် ၀က်တကောင် ပြန်လည် သတ်ပေးကြပြီး အသီးသီး သုံးဆောင်ကြသည်၊ ညဖက်တွင် အရက်တည်ပြီး ပျော်ရွှင်စွာ သုံးဆောင်စားသောက်ကြသတည်း။