CPP က ချင်းညီလာခံ မတက်ရောက်ဟုဆို

CPP က ချင်းညီလာခံ မတက်ရောက်ဟုဆို
by -
ခိုနုမ်းထုန်

ချင်းနိုင်ငံရေးပါတီ တခုဖြစ်သော ချင်းတိုးတက်ရေးပါတီ(CPP) က လာမည့် နို၀င်ဘာလဆန်းပိုင်းတွင် ချင်းပြည်နယ် မြို့တော် ဟားခါး၌ ကျင်းပမည့် ချင်းအမျိုးသားညီလာခံသို့ ပါ၀င်တက်ရောက်မည်မဟုတ် ကြောင်း ထုတ်ဖော်ပြောဆို လိုက်သည်။

ချင်းတိုးတက်ရေးပါတီအနေဖြင့် ချင်းအမျိူးသားညီလာခံကို မြေပေါ်ချင်းနိုင်ငံရေးပါတီများဖြင့်သာ ကျင်းပရန် အစဉ်တစိုက်ဦးတည်လာခဲ့သော်လည်း ယခုအခါ မြေပေါ်ချင်းနိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍမှေးမှိန် လာသောကြောင့် ပါ၀င်မည်မဟုတ်တော့ကြောင်း ချင်းတိုးတက်ရေးပါတီ အတွင်းရေးမှူး(၃) ဦးစောမြက အောက်တိုဘာလ ၃ ရက်နေ့၌ ချင်းအမျိုးသားညီလာခံကျင်းပရေး ကော်မတီထံသို့ လက်မှတ်ရေးထိုးကာ အကြောင်းကြားစာ ပေးပို့ခဲခြင်းဖြစ်သည်။

ချင်းတိုးတက်ရေးပါတီ ဒုတိယ ဥက္ကဌ ဦးလျန်ကြယ်က“ရန်ကုန်မှာလုပ်မယ့် ချင်းအမျိုးသားညီလာခံ အကြိုဆွေးနွေးပွဲလည်းတက်မယ်၊ ဟားခါးမှာလုပ် မယ့် ညီလာခံကိုလည်းတက်မယ်၊ မတက်ချင်တဲ့သူက သုံး၊ လေး ယောက်လောက်ပါ’’ ဟုပြောသည်။

ချင်းအမျိုးသားပါတီအား ချင်းတိုးတက်ရေးပါတီထဲတွင် ပူးပေါင်းလိုသူနှင့် မပူးပေါင်းလိုသူများ ရှိသည့်အနက် ပူးပေါင်းချင်လိုများသာ ဟားခါး ချင်းအမျိုးသားညီလာခံသို့ တက်ရောက်မည်ဖြစ်ဟု ဦးလျန်ကြယ်က ပြောသည်။

ချင်းအမျိုးသားညီလာခံကို လာမည့် နိုဝင်ဘာလ ၁၂ ရက်မှစတင်၍ ၃ ရက်ကြာကျင်းပရန် ချင်းအမျိုးသား တပ်ဦးမှ ၅ ဦး၊ ချင်းကျောင်းသားလူငယ်များမှ ၁၂ ဦး၊ ၂၀၁၀ ချင်းနိုင်ငံရေးပါတီများမှ ၁၀ ဦး ပါ၀င်သော ဆပ်ကော်မီတီကို Program Committee, Financial Committee, Media and Documentation Committee, Logistic Committee စသည်ဖြင့် ဖွဲ့စည်းထားကြသည်။

ယင်းချင်းအမျိုးသားညီလာခံ ကျင်းပရေးကော်မတီတွင် မြေပေါ်နိုင်ငံရေးပါတီမဟုတ်သည့် ချင်းလက်နက် ကိုင် အဖွဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်ပါ၀င်နေခြင်းကို ချင်းတိုးတက်ရေးပါတီဝင်ပုဂ္ဂိုလ်တချို့ က မလိုလားကြဟု သုံးသပ်ပြောဆိုနေကြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး CNF အထွေထွေအတွင်းရေးမှူး(၁) ပူးပေါလ်စီထာက “CPP က မြေအောက်ပါတီ လို့ပြောတဲ့ CNF ပါ၀င်တာ မပါ၀င်တာထက် အမျိုးသားအကျိုးစီးပွားကို ကြည့်သင့်တယ်၊  ခုကျင်းပမဲ့ ချင်းအမျိုးသားညီလာခံဟာ ပါတီ သို့မဟုတ် လူပုဂ္ဂိုလ်၊  လူတစ်စုအရေးအတွက်မဟုတ်ဘူး၊ တကယ်လို့ CNF အရေးပြောမည့်ညီလာခံဆိုယင် ကန့်ကွက်သင့် ပါတယ်၊ ခုဟာက ချင်းအမျိုးသားတရပ်လုံးအရေးနဲ့ အမျိုးသားတခုလုံးရပ်တည် ချက်ကို ဖော်ထုတ်သွား ဖို့ဖြစ်တယ်၊  ကျင်းပရေးကော်မီတီမှာလဲ အားလုံးပါကြ တယ်၊ ချင်းအမျိုးသားတိုင်း အားလုံး သိုက်သိုက် ၀န်းဝန်းလုပ် ဆောင်သင့် တယ်လို့မြင်ပါတယ်၊ ပြီးတော့ ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကမျှ ဒီညီလာခံနဲ့ ပတ်သက်လို့ နာမည်ကောင်းရဖို့ မကြံစည် သင့်ဘူး၊ ချင်းတမျိုးသားလုံးရဲ့ စည်းလုံးမှုရလဒ်တခုအဖြစ်သာ မှတ်ယူ သင့်ပါတယ်” ဟု ခိုနူမ်းသုန်သို့ ပြောသည်။

ထို့အပြင် ယခု ညီလာခံ ကျင်းပမည့် အစီအစဉ်သည် ချင်းတမျိုးသားလုံး၏ အရေးဖြစ်သောကြောင့် အချင်းချင်းအကြား အကောင်းဆုံးတိုင်ပင်ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးသည်ဟု ပူးပေါလ်စီထာက ဆက်ပြောသည်။

ချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဌဟောင်းတဦးဖြစ်ခဲ့သူ ပူးနိုးထန်ကပ် ဦးဆောင်သော ချင်းတိုးတက်ရေး ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ခဲ့ယှဉ်ပြိုင်ခဲ့သည်။

ယခုချင်းအမျိုးသားညီလာခံတွင် တရားဝင်ကိုယ်စားလှယ်အဖြစ် ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းနိုင်ငံရေး ပါတီများ ၊ လူမှုအခြေပြုအဖွဲ့အစည်းများ ၊ ဒေသန္တရအကြီးအကဲများ ၊ အမျိုးသမီး၊ လူငယ် ၊ ဘာသာရေးခေါင်းဆောင်များ၊ ထင်ရှားသောပုဂ္ဂိုလ်များ၊ အထူးဘိတ်ကြားခံသူများအဖြစ် ပြည်ထောင်စု ဝန်ကြီး၊ ချင်းပြည်နယ်အစိုးရဝန်ကြီးအဖွဲ့ ၊ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းရေးရာဝန်ကြီး များ၊ လေ့လာသူများအပါအဝင် စုစုပေါင်း ၅၀၀ ဦးခန့် ဖိတ်ကြားသွားမည်ဟု သိရသည်။

လက်ရှိ ချင်းနိုင်ငံရေးပါတီများတွင် ချင်းတိုးတက်ရေးပါတီ နှင့် ဇိုမီးဒီမိုကရေစီပါတီ အပြင် ချင်းအမျိုးသား ပါတီ၊ အီးအဲန်ဒီပီပါတီ၊ အရှိုချင်းအမျိုးသားပါတီတို့ရှိသည့်အနက် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ဇိုမီး ဒီမိုကရေစီပါတီသည်လည်း ချင်း နှင့် ဇိုမီး အမည်နာမကြောင့် တက်ရောက်နိုင်လိမ့်မည် မဟုတ်ဟု ပြောဆိုမှုများလည်း ရှိသည်။

သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား အပစ်အခပ်ရပ် စဲပြီး ငြိမ်းချမ်း ရေးဖြစ်စဉ်တွင် ယခု ကျင်းပမည့် ချင်းအမျိုးသားညီလာခံသည် တိုင်းရင်းသားလူ မျိုးစုများအတွင်း မွန်အမျိုးသားညီလာခံ ပြီးနောက် ဒုတိယမြောက် ကျင်းပမည့် ညီလာခံဖြစ်သည်။