ချင်းအမျိုးသားတပ်ဦး CNF က ချင်းပြည်နယ် (၉) မြို့နယ်အတွင်း လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့အပြီး ပြည်နယ်ပြင်ပရှိ ချင်းပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်မည်ဟု သိရသည်။
ရန်ကုန် Summit Park View တွေ့ဆုံပွဲကို ယခုလ ၁၉ ရက်နေ့တွင် ပြုလုပ်ရန်စီစဉ်ထားရာ CNF ဖက်မှ ဒေါက်တာရွှေခါးရ် က ဦးဆောင်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့ပေါ်ရှိ ချင်းနိုင်ငံရေးပါတီများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ ချင်းကျောင်းသားလူငယ်များ၊ လူမှုအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ ပါ၀င်ကြမည်ဟု သိရသည်။
CNF သည် ချင်းပြည်သူများနှင့် တွေ့ဆုံရာတွင် အစိုးရနှင့် လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီ ရေးရာများအပြင် CNF ၏ အမျိုးသားရေးရည်မှန်းချက် ပန်းတိုင်များကို အဓိကထားဆွေးနွေးကြ မည် ဖြစ်သည်။
“ချင်းပြည်သူဆီကနေ ထွက်လာတဲ့ သဘောထားတွေကို စုစည်းပြီး အဲဒီအပေါ် အခြေခံပြီး ပြည်ထောင်စု အစိုးရနှင့် ပြန်လည်ဆွေးနွေးသွားမှာပါ” ဟုCNF ခေါင်းဆောင်တစ်ဦးက ပြောသည်။
သို့ရာတဝင် ပြီးခဲ့တဲ့ သြဂုတ်လကတည်းက CNF သည် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်း၊ ကလေး ကဘော်ဒေသ၊ အရှိုချင်းဒေသနှင့် ပခုက္ကူ၊ မုံရွာ၊ ဂန့်ဂေါ – ထီးလင်းရှိ ချင်းပြည်သူများနှင့် တွေ့ဆုံဆွေး နွေးဖို့ ပြင်ဆင်ထားသော်လည်း သမ္မတရုံး ၀န်ကြီး တချို့ ကန့်ကွက်မှုကြောင့် ခေတ္တ ဆိုင်းငံ့ထားကြသည်။
CNF ကမကထပြုမှုဖြင့် လာမည့် နို၀င်ဘာလ ၁၂ – ၁၅ ရက်တွင် ချင်းနိုင်ငံရေးပါတီများ၊ လူမှုအသင်း အဖွဲ့များ၊ အလွှာအသီးသီးမှကိုယ်စားလှယ်များ အနည်းဆုံးအင်အား ၅၀၀ ပါ၀င်မည့် ချင်းအမျိုးသား ညီလာခံကြီးတရပ်ကို မြို့တော် ဟား ခါးတွင် ကျင်းပသွားမည် ဖြစ်ကြောင်းလည်း သိရသည်။