တတိယအကြိမ် Zo မျိုးနွယ်စုများပြန်လည်သွေးစည်းညီညွတ်ရေးညီလာခံကျင်းပ”

တတိယအကြိမ် Zo မျိုးနွယ်စုများပြန်လည်သွေးစည်းညီညွတ်ရေးညီလာခံကျင်းပ”
by -
ခိုနုမ်းထုန်

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့၌ တတိယအကြိမ်မြောက် ဇို မျိုးနွယ်စုများ ပြန်လည်သွေးစည်းညီညွတ်ရေးညီလာခံ Third World Zo Re-unification Convention တစ်ရပ်ကို ယခုလ အောက်တိုဘာလ ၄ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။

ညီလာခံကို အိုင်ဇောလ်မြို့အခြေစိုက် ဇိုမျိုးနွယ်စုများပြန်လည်သွေးစည်းညီညွတ်ရေးအဖွဲ့ (ZoRO) က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်နှင့် မြန်မာနိုင်ငံများတွင် တကွဲတပြားစီ ရှိနေကြသော ဇို မျိုးနွယ်စုများအား အုပ်ချုပ်ရေးတစ်ခုအောက်တွင် အတူတကွပြန်လည် ပေါင်းစည်းနေထိုင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်သည်ဟု ZoRO အဖွဲ့ဥက္ကဌ Pu R. Thang Mawia ကပြောသည်။

“ UN ကနေ ၂၀၀၇ ခုနှစ်က ပြဌာန်းလိုက်တဲ့ ဌာနေတိုင်းရင်းသားလူမျိုးများဆိုင်ရာ အခွင့်အရေး ကြေညာခဲ့တဲ့ ရ ကြိမ်မြောက် နှစ်ပတ်လည်နေ့ကို လာမည့်နှစ် စက်တင်ဘာလမှာ ကမ္ဘာလုံးဆိုင်ရာ ညီလာခံတရပ် ကမ္ဘာ့ကုလသမဂ္ဂမှာ ကျင်းပမယ်၊ အဲဒီ အစည်းအဝေးကြီးမှာ ကျနော်တို့ ဘာတွေတင်ပြတောင်း ဆိုကြမှာလဲ၊ ခုချိန်မှာ ဘယ်လိုပြင်ဆင်ကြမလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး တတိယအကြိမ် ဇို မျိုးနွယ်စုများ ပြန်လည်ပေါင်း စည်းရေး ညီလာခံကို ကျင်းပရတာ ဖြစ်ပါတယ်’’ ဟု ခိုနူမ်းသုန်သို့ ပြောသည်။

ဇို မျိုးနွယ်စုများအား အုပ်ချုပ်မှုတခုအောက်မှာ ပြန်လည်နေထိုင်နိုင်ရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှ ၂၀၀၇ ခုနှစ်က ပြဌာန်းခဲ့သော ဌာနေတိုင်းရင်းသားလူမျိုး များဆိုင်ရာ အခွင့်အရေး ကြေညာချက်ကို အခြေခံပြီး လာမည့်နှစ်ကမ္ဘာ့လုံး ဆိုင်ရာ ညီလာခံတွင် တင်ပြသွားရန် တတိယအကြိမ် Zo မျိုးနွယ်စုများပြန်လည်သွေး စည်းညီညွတ်ရေးညီလာခံက ဆုံးဖြတ်ခဲ့ကြသည်ဟု ဆက်ပြောသည်။

၁၈၉၀ ခုနှစ်တွင် ဗြိတိသျှတို့က ချင်း၊ လူရှိုင်း၊ ကူကီး တိုင်းပြည်တို့ကို သိမ်းပိုက်ပြီး တကွဲတပြားစီဖြစ် အောင်လုပ်တယ်၊ ၁၈၉၂ ခုနှစ် Chin –Lushai ညီလာခံမှာ ဗြိတိသျှတွေက သူတို့ကြောင့် တကွဲတပြား ဖြစ်ခဲ့တဲ့ ချင်း၊ လူရှိုင်း၊ ကူကီး တွေကို အုပ်ချူပ်မှု တခုအောက်မှာ ပြန်လည်ထားရှိဖို့ ပြန်လည်ဆုံးဖြတ် ခဲ့တယ်၊ ဒါပေမယ့် အဲဒီဆုံးဖြတ်ချက်မှာ ဒီကနေ့ အထိ အကောင်အထည်မဖော်ခဲ့ဘူး၊ ကျနော်တို့ ချင်း၊ လူရှိုင်း၊ ကူကီး လူမျိူးတွေဟာ အခုဆိုရင် အိန္ဒိယ-ဘင်္ဂလား ဒေရှ့်-မြန်မာ စတဲ့ သုံးနိုင်ငံမှာ သီးခြားအုပ် ချုပ်မှုအောက်မှာ နေနေရတယ်၊ ဒါကြောင့် ကျနော်တို့လူမျိုးတွေဟာ အုပ်ချုပ်မှုတစ်ခု အောက်မှာ ပြန်လည်နေထိုင်ချင်ပြီ၊ ပြန်လည်နေထိုင်ဖို့လည်း ကျနော် တို့မှာ အခွင့်အရေးရှိတယ်’’ ဟု ZoRO ဥက္ကဌက ပြောသည်။

ယင်းညီလာခံကြီးတွင် မီဇိုရမ်ပြည်နယ်မှ လက်ရှိ အတိုက်အခံပါတီ များဖြစ်ကြသော Mizo National Front(MNF)၊ Mizoram People Conference (MPC) ၊ Zoram Nationalist Party (ZNP)၊ BJP ပါတီအသီး သီးမှ ဥက္ကဌများ တက်ရောက်ခဲ့ကြပြီး ဇိုမျိုးနွယ်စုများပြန်လည်သွေးစည်းညီညွတ်ပြီး အုပ်ချုပ် မှု တခုအောက်တွင် အတူတကွပြန်လည်နေထိုင်နိုင်ရန် ZoRO အဖွဲ့၏ ကြိုးပမ်းလုပ်ဆောင်ချက်များကို အပြည့်အဝ ထောက်ခံကြို ဆိုကြ ကြောင်း၊ မိမိတို့တတ်စွမ်းသမျှ ပူးပေါင်းပါ၀င်ကြမည်ဖြစ်ကြောင်း ပြောဆိုသွားကြသည်။

ရှည်လျားလှသော သမိုင်းကြောင်းအရ ချင်း၊ လူရှိုင်း၊ ကူကီး လူမျိုးများသည် အင်္ဂလိပ်ကိုလိုနီ လက်အောက် မ ကျ ရောက်မီတွင် မိမိဘာသာ ဇို ဟုခေါ်ဆိုပြီး ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ၊ မြန်မာနိုင်ငံ ချင်းတောင်တန်းဒေသနှင့်အိန္ဒိယနိုင်ငံ လူရှိုင်းတောင်တန်းဒေသများတွင် သီးခြားလွတ်လပ် စွာနေထိုင်ခဲ့ကြသည်ဟု သိရသည်။

၁၈၉၀ ခုနှစ် အင်္ဂလိကိုလိုနီ လက်အောက်ကျရောက်ချိန်မှစပြီး ယနေ့ချိန်ထိ အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် သုံးနိုင်ငံအုပ်ချုပ်မှုအောက်တွင် ကျရောက်နေခြင်းဖြစ်ကြောင်း Pu R. Thawngmawia ကပြောသည်။

World Zo Re-unification Convention ကို ၁၉၈၈ ခုနှစ်က မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့၌ ပထမဦးဆုံး အကြိမ်နှင့် ၁၉၉၁ တွင်ဒုတိယအကြိမ် ကျင်းပခဲ့ပြီး ဖြစ်သည်။