မြွေတောင်၊ ဖားတောင် နီကယ်တူးဖော်ရေးစီမံကိန်း အလျင်စလို အကောင်အထည် မဖော်သင့် ချင်းနိုင်ငံရေးပါတီများပြော

မြွေတောင်၊ ဖားတောင် နီကယ်တူးဖော်ရေးစီမံကိန်း အလျင်စလို အကောင်အထည် မဖော်သင့် ချင်းနိုင်ငံရေးပါတီများပြော
by -
ခိုနုမ်းထုန်

တရုတ်ပိုင် North Mining Investment Company (NMIC) မှ တူးဖော်မည့် ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ မြွေတောင်၊ ဖားတောင် စီမံကိန်းအား အလျင်စလို အကောင်အထည် မဖော်စေလိုသေးကြောင်း ချင်းနိုင်ငံရေး ၄ ပါတီ က ထုတ်ဖော်ပြောဆိုလိုက်သည်။

လက်ရှိမြန်မာနိုင်ငံတွင် သယံဇာတ အကျိုးအမြတ်ခွဲဝေးရေးနှင့်ပတ်သက်၍ ဥပဒေတရပ်ထွက်ပေါ်လာရေး အခြေအ နေဖြစ်နေခြင်း၊ သဘာဝ ထိန်းသိမ်းရေးဥပဒေ ရှိပြီးသော်လည်း နည်းပဒေပြဌာန်းနိုင်မှုမရှိသေးခြင်း၊ တရားဥပဒေစိုး မိုးမှု အားနည်းနေသေးခြင်း၊ စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံများမှ လုံလောက်သော နားလည် သိရှိမှု မရှိသေးခြင်း တို့ကြောင့် စိုးရိမ်နေကြခြင်း စသည့်အချက်များကြောင့် ယင်းစီမံကိန်းကို အလျင်စလို အကောင် အထည်မဖော်ဘဲ အချိန်ယူညှိနှိုင်း ဆောင်ရွက်သင့်ကြောင်း ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ အရှိုချင်းအမျိုးသားပါတီ နှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးပါတီ စသည့် ချင်း နိုင်ငံရေး ၄ ပါတီက သဘောထား ထုတ်ပြန်သည်။

ချင်းနိုင်ငံရေးပါတီများအနေဖြင့် ယခုလ စက်တင်ဘာ ၂ မှ ၉ ရက်နေ့အတွင်း  မြွေတောင်၊ ဖားတောင် နီကယ် သတ္တုတူးဖော်ရေးစီမံကိန်းဒေသရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ၎င်းတို့ လေ့လာ တွေရှိချက် များနှင့်ပတ်သက်ပြီး ယမန်နေ့က ရန်ကုန်မြို့ မြန်မာမီဒီယာ စာကြည့်တိုက်တွင် သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်ခဲ့သည်။

မြွေတောင်၊ ဖားတောင် နီကယ် သတ္တုတူးဖော်ရေး စီမံကိန်းနှင့်ပတ်သက်သော Draft Project Report (DPR)၊ Memorandum of Understanding (MoU)၊ Terms of Reference (TOR) စသည်များကို ဒေသခံများ က လုံလောက်စွာ သိရှိခြင်းမရှိသည့် လက်ရှိအခြေအနေတွင် အကောင်အထည်ဖော်မည်ဆိုပါက စိုးရိမ်ဖွယ်ဖြစ်နေသည် ဟု ယူဆကြောင်း လည်း ချင်းပါတီများက ပြောသည်။

အကယ်၍ အကောင်ထည်ဖော်မည်ဆိုပါက EIA, SIA, HIA များကို လွတ်လပ်၍ နိုင်ငံတကာအဆင့်ရှိသည့် အဖွဲ့အစည်း တခုခုအား  လုပ်ဆောင်စေပြီး တရားဝင်ထုတ်ပြန်သင့်ကြောင်း၊ ယင်းအစီရင်ခံစာအပေါ် မူတည်၍ဘေးထွက်ဆိုး ကျိုး များအတွက် နစ်နာသူများအား နိုင်ငံတကာစံချိန်စံညွန်းနှင့်အညီလျော်ကြေး(Compensation) ပေးဆောင်သင့် ကြောင်း၊ Corporate Social Responsibilities (CSR) နှင့် ပတ်သက်၍ ဒေသခံများ၏ လိုအပ်ချက် များ နှင့် အညီ ကုမ္ပဏီဘက်မှ မည်သို့တာဝန်ယူဆောင်ရွက်မည်ကို အတိအကျ ထုတ်ပြန်သင့်ကြောင်း၊ စီမံကိန်းနှင့်ပတ် သက်ပြီး ထုတ်ပြန်ထားသော ကတိကဝတ်များ အကောင်အထည်ဖော်မှုကို စောင့်ကြည့်တာဝန်ယူမည် လွတ်လပ်သော Monitoring Team တခုဖွဲ့စည်း သင့်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် စီမံကိန်းအကျိုးအမြတ်ခွဲဝေရေး နှင့် ပတ်သက်၍ သြဂုတ်လ ၃၀ ရက်နေ့၊ ၂၀၁၃ ခုနှစ်ထုတ် မြန်မာ့အလင်း သတင်းစာပါ ချင်းပြည်နယ်ခံစားခွင့် (၂) ရာခိုင်းနှုန်းသည် လွန်စွာနည်းပါသည်ဟု ချင်းပါတီများကပြောသည်။

ချင်းအမျိုးသားပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းက “ ဒေသခံတွေကတော့ ဒီစီမံကိန်းကို မလုပ်စေချင် သေးဘူး၊ တကယ်လို့ လုပ်မယ်ဆိုရင်လည်း ဒီမိုကရေစီကျတဲ့နိုင်ငံတွေကဘဲ လုပ်စေချင်တယ် ဖြစ်နိုင်လို့ရှိ ရင် မြန်မာ နိုင်ငံသားတွေ၊ အထူးသဖြင့် ချင်းလူမျိုးတွေထဲမှာ ဒီလိုပညာရှင်တွေ ထွက်ပေါ်လာတဲ့အချိန်မှာ လုပ်ဆောင်ရင်ကောင်း မယ်ဆိုပြီး ဒေသခံတွေရဲ့ သဘောထားကရှိပါတယ်’’ ဟု ပြောသည်။

ချင်းပါတီများ၏ သဘောထားထုတ်ပြန်ထားချက်တွင် ချင်းပါတီများ၏ လေ့လာတွေ့ရှိချက် နှင့် ချင်းပြည်နယ်အစိုးရ အဖွဲ့ မှ လေ့လာတွေရှိချက်မှာ ကွဲလွဲနေကြောင်းထောက်ပြထားသည်။

ချင်းပြည်နယ်အစိုးရမှ ၂၀၁၃ ခုနှစ် ဧပြီလအတွင်း စီမံကိန်းနှင့်ပတ်သက်၍ ချင်းပြည်နယ်အတွင်းရှိ ကျေးရွာ ပေါင်း (၂၀) ရှိ ရွာသားများတွေ့ဆုံမှုရလဒ်အရ စီမံကိန်းအကောင်အထည်ဖော်ရန် လူထုထောက်ခံချက်နှင့်အတူ သဘောတူ ကြောင်း ပြည်နယ်အစိုးရမှ ပြည်ထောင်စုအစိုးရထံသဘောထားပေးပို့ခဲ့သည်ဟု သိရသည်။

သို့သော် ချင်းပါတီများအနေဖြင့် စီမံကိန်းတည်ရှိရာ ဒေသရှိ ရွာပေါင်း(၁၄)ရွာ (ချင်းပြည်နယ်အတွင်း ၅ ရွာ နှင့် စစ်ကိုင်း တိုင်း ဒေသကြီးရှိရွာပေါင်း ၉ ရွာ)မှ လူဦးရေ ၅၀၀ နီးပါးခန့်အား တွေ့ဆုံမေးမြန်းခဲ့သည့်ရလဒ်အရ လူထုက စီမံကိန်းကို မထောက်ခံကြောင်း တွေ့ရှိရာ ရလဒ် နှစ်ခု ကွဲလွဲမှုရှိနေပါသည်ဟုသိရသည်။

မြွေတောင်၊ ဖားတောင် နီကယ် သတ္တု တူးဖော်ရေး စီမံကိန်း နှင့် ပတ်သက်ပြီး North Mining Investment Company (NMIC) နှင့် ပြည်ထောင်စု အစိုးရအကြား သဘောတူ စာချုပ်ချုပ်ဆိုမှုမရှိသေးဟုသိရကြောင်း ချင်းပါတီ များကပြော သည်။

ပြည်တွင်းထုတ် Weekly Eleven အွန်လိုင်း စာမျက်နှာတွင် ဖော်ပြထားချက်အရ ချင်းပြည်နယ် မြောက်ပိုင်းဒေသတွင် တည်ရှိသော မြွေတောင်ဖားတောင် နီကယ်သတ္တုရိုင်းသိုက်သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးသိုက် ဖြစ်သည် ဟု ဘူမိဗေဒ မှတ်တမ်းများအရ သိရသည်။

အဆိုပါ သတ္တုရိုင်းများ သည် ဆာပင်တင်နိုက် ကျောက်များနှင့် တွဲဖက်ဖြစ်ပေါ်နေပြီး သန့်စင်ပြီး နီကယ်သတ္တုရိုင်း တန်ချိန်တစ်သန်းခန့် ရရှိမည်ဟု ခန့်မှန်းထားကြောင်း အဆိုပါ မှတ်တမ်းများတွင် ခန့်မှန်းထားသည်ဟု သိရသည်။