အစိုးရရဲ ရိုက်နှက်မှုကြောင့် အလယ်တန်းကျောင်းသား ဆေးရုံတင်ရ

အစိုးရရဲ ရိုက်နှက်မှုကြောင့် အလယ်တန်းကျောင်းသား ဆေးရုံတင်ရ
by -
ခိုနူမ်းထုန်

 ဇူလိုင် ၄ ရက်နေ့ နေ့လည် ၁၂ ခန့်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် သံထောင် အထကကျောင်းတွင် ပဥ္စမတန်း ကျောင်းသား မောရှေဆိုသူအား ဒေသခံရဲစခန်းမှ ဒုတိယ တပ်ကြပ် မြင့်တိုး ဆိုသူက ထိုးကြိတ်ရိုက်နှက်သဖြင့် အရေးပေါ်လူနာအဖြစ် ဆေးရုံ တင်ရကြောင်း သိရသည်။

အသေးစိပ်မှာ ပဥ္စမတန်း အတန်းခေါင်းဆောင် မောင်မောရှေ သည် တာဝန်အရ ကျောင်း သားရေးရာများ (အတန်း ရေးရာ များ) ဆောင်ရွက်နေစဉ် အတန်းဖော်ကျောင်းသားတစ်ဦးနှင့်  အခြေအတင် စကားများခဲ့ကြသည်ကို အဆိုပါ ကျောင်း သား၏ ဆွေမျိုးဖြစ်သူ ဒုတိယ တပ်ကြပ် မြင့်တိုးက မကျေနပ်သဖြင့် မောင်မောရှေအား ထိုးကြိတ်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

“ အဲဒီရဲသားက မောင်မောရှေ နေထိုင်တဲ့ IKK ဘော်ဒါဆောင်ကို သွားပြီး မောင်မောရှေကို ထိုးကြိတ်ရိုက် နှက်ခဲ့တာ၊ သတိလစ်သွားတယ်၊ နားမှ သွေးတွေထွက်တယ်၊ ဘာမှလည်း ပြန် မထူး နိုင်တော့ဘူး၊ ဒါနဲ့ ဒေသခံတွေက အနီးစပ်ဆုံး ရခိုင်ပြည်နယ် မြောက်ဦး ဆေးရုံကို အရေးပေါ် လူနာအဖြစ်ချက်ချင်းပို့လိုက်တယ်” ဟု ကို ဘူးထန်ပိုင်က ပြောသည်။

ဒုတိယတပ်ကြပ် မြင့်တိုး (ရခိုင်) ဆိုသူသည် ဒေသခံအရပ်ဖက်ပြည်သူလူထုအပေါ် မတော် မတရား အာဏာပြနှိပ်စက်ခြင်း၊ ချင်း -  ရခိုင် စသည့် လူမျိုးရေးခွဲခြားဆက်ဆံသည့် အပြုအမူ များ ပြုကျင့်လေ့ရှိ သည်ဟုလည်း ပြောကြသည်။

ဒီအမှုနှင့် ပါတ်သက်ပြီး သက်ဆိုင်ရာ ပညာရေးဌာန နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တွေက ဘယ်လို အရေး ယူဆောင်ရွက်မလဲ ဆိုသည်ကိုမူ မသိရသေးပေ။

“ ယခုထိတော့ ဘာမှ အရေးယူမှုမရှိသေးဘူး၊ သက်ဆိုင်ရာ ကျောင်းဆရာတွေမှာ အဓိက တာဝန် ရှိတယ်၊ သက်ဆိုင် ရာရဲတွေကလည်း ရဲကျင့်ဝတ်ကျင့်စဉ်အတိုင်း အရေးယူဆောင်ရွက် သင့်တယ် ” ဟု ဒေသခံ ရဲ အငြိမ်းစား တဦးက ပြော သည်။

ပဥ္စမတန်းကျောင်းသား မောင်မောရှေသည် ဒေသအတွင်း ကိုဖေရှေရွာသားဖြစ်ပြီး သံထောင်ရွာရှိ IKK ခရစ်ယာန် ဘော်ဒါဆောင်တွင်နေထိုင်ကာ သံထောင်အထက်တန်းကျောင်းတွင် ပညာသင် ယူနေသူဖြစ်သည်။

ပြည်မဒေသနှင့် ဝေးလံခေါင်သီသည့် အထူးသဖြင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ဌာနဆိုင်ရာများ၊ နယ်မြေခံပြည်သူရဲများ၊ တပ်မတော်သားများသည် ယခင် တပ်မတော် အစိုးရ လက်ထက်က အတိုင်း ပြည်သူလူထုအပေါ် မတော်မတရား လဒ်စားခြင်း၊ လူထုကို ဖိနှိပ်ခြင်း၊ အာဏာအလွဲသုံးစားခြင်းများ ရှိနေသေးကြောင်း သိရသည်။