မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံသားတချို့ မောင်းထုတ်ခံနေရ

မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံသားတချို့ မောင်းထုတ်ခံနေရ
by -
ခိုနူမ်းထုန်

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်  ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် တရားမဝင်နေထိုင်ကြသော မြန်မာနိုင်ငံသားတချို့ကို အစိုးရမဟုတ်သော အဖွဲ့အစည်းတချို့ က မောင်းထုတ်နေကြောင်း စုံစမ်းသိရှိရသည်။

မီဇိုရမ်ပြည်နယ် မြို့တော် အိုင်ဇောလ်မှ မိုင် ၅၀ ခန့်ဝေးသော Kolasib ခရိုင် Mualkhang ကျေးရွာတွင် တရား မဝင် သွားရောက်နေထိုင်ကြသော မြန်မာနိုင်ငံသား ချင်းလူမျိုးများကို ယခုလ ၃၀ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာမှ ထွက်ခွါသွားကြရန် ယင်းကျေးရွာရှိ မီဇိုးလူငယ်များအသင်း( YMA) ၊ မီဇိုးသက်ကြီးရွယ်အိုအသင်း ( MUP) နှင့် ကျေးရွာကောင်စီအဖွဲ့ ( VCP) တို့က အမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။

Mualkhang ကျေးရွာရှိဒေသခံ မီဇိုးလူငယ်များအသင်း( YMA) ၊ မီဇိုးသက်ကြီးရွယ်အိုအသင်း ( MUP) နှင့် ကျေးရွာကောင်စီအဖွဲ့ ( VCP) တို့က Joint Action Committee(JAC)  ကိုဖွဲ့စည်းပြီး ယင်းကော်မီတီအဖွဲ့က တရားမဝင် နေထိုင်သော မြန်မာနိုင်ငံသားများ မောင်းထုတ် မည့်ကိစ္စကို ဦးဆောင်သည်ဟုသိရ သည်။

ယင်းကျေးရွာတွင် တရားမဝင်နေထိုင်သူများအား မောင်းထုတ်ရန် JAC မှ ဆုံးဖြတ်ရ သည့် အကြောင်းရင်းမှာ Mualkhang ကျေးရွာ၌ လွန်ခဲ့သော ၃ နှစ်ခန့်ကစ၍ မြန်မာနိုင်ငံသားများ လာရောက်နေထိုင်ကြပြီး အရက်ချက် လုပ်ငန်းများလုပ်ကိုင်နေကြသောကြောင့် နောင်တချိန်တွင် မီဇိုလူမျိုးများအတွက် ကြီးမားသောအန္တရာယ်ဖြစ် စေလာနိုင်သဖြင့် ယခုလိုလုပ်ဆောင်ရခြင်းဖြစ်သည်ဟု မီဇိုရမ်ပြည်နယ်၏ ရုပ်သံလိုင်းတခုဖြစ်သော Zonet Special Report တွင်ဖော်ပြထားသည်။

Mualkhang ကျေးရွာသည် အိမ်ခြေ ၅၀ ခန့်ရှိသည်ဟုသိရပြီး တရားမဝင်နေထိုင်သော မြန်မာနိုင်ငံမှ ချင်းလူမျိုး   ၁၆ အိမ်ခန့်ရှိသည်ဟုသိရသည်။

မောင်းထုတ်ခံရမည့်ကိစ္စနှင့်ပတ်သက်၍ Mualkhang ကျေးရွာတွင် ၁၅ နှစ်ကျော် နေထိုင်လာခဲ့သူ ချင်းအမျိုး သမီးတဦးက “ကျွန်မတို့က ဘယ်လိုလုပ်ကြမလဲ စဉ်းစားလို့ကိုမရတော့ဘူး၊ ဒီမှာဘဲ ငယ်ငယ် ကတည်းကစပြီး နေထိုင်လာတာဆိုတော့ မြန်မာနိုင်ငံရဲ့ မှတ်ပုံတင်လဲ မရှိဘူးလေ၊ မီဇိုရမ်ပြည်နယ်ရဲ့ နိုင်ငံသားစီစစ်ရေးကဒ်လဲ ကျွန်မတို့လုပ်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် မရခဲ့ပါဘူး” ဟု ပြောသည်။
အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အိန္ဒိယနိုင်ငံတွင် ၁၀ နှစ်ဆက်တိုက် နေထိုင်လာသည့် နိုင်ငံခြားသား တယောက်သည် အိန္ဒိယနိုင်ငံသား ခံယူပိုင်ခွင့်ရှိသည်ဟု သိရသည်။ သို့သော်လည်း မီဇိုရမ်ပြည်နယ်တွင်မူ ( မြန်မာနိုင်ငံမှလာသည့်) ၁၀ နှစ်ကျော်ကြာ နေထိုင်သူများကို ဒေသတွင်း အာဏာပိုင်များက နိုင်ငံသားခံယူခွင့်၊ နိုင်ငံသားစီစစ်ရေးကဒ်များ ပြုလုပ်ခွင့်မပြုကြောင်း သိရသည်။

ယခုမောင်းထုတ်ခံရမည့် မြန်မာနိုင်ငံသား ချင်းလူမျိုးများသည် Mualkhang ကျေးရွာအနီးတဝိုက်တွင် လယ် ယာ လုပ်ငန်း၊ ဥယျာဉ်ခြံစောင့်လုပ်ငန်း နှင့် အခြားသော ဥပဒေ နှင့် လွတ်ကင်းသည့် လုပ်ငန်းကိုသာ လုပ်ကိုင် နေကြသူများဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလက မီဇိုရမ်ပြည်နယ်ရှိ  မြန်မာနိုင်ငံမှ ချင်းလူမျိုးအများစုနေထိုင်သော Saikhumphai ကျေးရွာတွင် ချင်းလူထုနေထိုင်သောအိမ်များကို Vaphai လူထုမှ မီးရှို့သည့် ဖြစ်ရပ်အပြင်၊ မေလက Rangvamual နှင့် Phunchawng ကျေးရွာရှိ အရက်ချက်လုပ်ရောင်းချသူများအပါအဝင် တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသား များကို Central Young Mizo Association (CYMA) က မောင်းထုတ်ခဲ့သည့်ဖြစ်ရပ်များဖြစ်ပေါ်ခဲ့သည်။ 

Most read this week