မြို့တော်ဟားခါးမြို့လယ်ခေါင် မြေ ပြိုဘွယ်ရှိ၊ ဒေသခံများအတွက် စိုးရိမ်ရ

မြို့တော်ဟားခါးမြို့လယ်ခေါင် မြေ ပြိုဘွယ်ရှိ၊ ဒေသခံများအတွက် စိုးရိမ်ရ
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်မြို့တော်ဟားခါးမြို့လယ်ခေါင် စျေးသစ်ရပ်ကွက် လမ်းဆုံအထက်၊  အသစ်တူးထားသည့် Pu Chan Bik ၏ အိမ်မြေနေရာသည် ဇွန်လ ၁၂ ညနေပိုင်းကမြေပြိုမည့် အရိပ်အယောင်များတွေ့ရှိရသည်ဟု သိရသည်။
အကယ်၍ မြေပြိုပါက အနီးအနားရှိ အိမ်ခြေ ၁၀ ခုလည်း ပါသွားဖို့သေချာနေသဖြင့် ဒေသခံ ချင်းလူငယ်အဖွဲ့ချုပ်၊ မီးသတ်၊ ကြက်ခြေနီ၊ ပြည်သူ့ရဲများက ၄င်းတို့၏ အိမ်အသုံးအဆောင် ပစ္စည်း များအား ဘေးလွတ် ရာသို့ ရွှေ့ပေးနေကြသည်ဟု သိရသည်။

အိမ်မြေနေရာကို ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်ကတည်းက အိမ်နီးနားချင်းများနှင့် သဘောတူ မြေဂရမ်ရိုက်ခြင်းမရှိပဲ စတူးရပြီး ပေ ၁၀၀ အမြင့် ကျောက်တုံး သုံးထပ်ဖြင့် မြေမပြိုအောင် ကာထား သော်လည်းအောက်ခြေကျောက် တုံးများ အက်နေကြောင်း အိမ်မြေနေရာ အထက်ပေ ၁၅၀ အကွာရှိ အိမ်ခြေ ၄ ဆောင်အထိ မြေများ အက်နေ ကြောင်း၊ ဘေးဝဲယာ အိမ်ဘေးနားမြေများလည်း တဖြည်းဖြည်း ချင်းပြိုဆင်းနေ ကြောင်း ပြောကြသည်။

“ သူတို့ အိမ်မြေနေရာနှင့် ကပ်ရက်ဖက် ကျတော့်စားဖိုအိမ်ဖက်မှာ ညကတည်းက မြေတွေတဖြည်းဖြည်းချင်းပြို ဆင်းနေတယ်၊ ဒီမနက် သူတို့ မြေတူးစက်လာတဲ့ အထိ ဘာမှ မပြောကြဘူးဗျ ” ဟု အိမ်ပိုင်ရှင် မငြိမ်းက ပြောသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပူးငွန်ဆန်းအောင်နှင့် ပြည်နယ် စည်ပင်မှူး ပူး တမ်အောင်တို့ လာရောက် စစ်ဆေးသော်လည်း အဲဒီစားဖိုနေရာသည် စက်နဲ့ မြေတူးခြင်းကြောင့် တုန်ခါမှုများပြီး ပြိုတာမဟုတ်ကြောင်း မြေသားမခိုင်ခြင်းကြောင့်ဖြစ်ကြောင်း ပြောဆိုခဲ့သည် ဟု ပြောသည်။

တဆက်တည်း အိမ်မြေပိုင်ရှင် Pu Chan Bik က  တူးပြီးသား မြေစာတွေကို စက်နဲ့သယ်ထုတ်ရန် ပြောသည့်အခါ ပူး ငွန်စန်းအောင်က စက်နဲ့ သယ်ပါက တုန်ခါမှုများပြီး မြေပြိုနိုင်ကြောင်း တားဆီးခဲ့ပြန်သည်။

“ မြေတူးတုန်းက တုန်ခါမှုများလို့ မြေပြိုတာမဟုတ်ဘူးလို့ ပြောပြီး မြေစာ သယ်ထုတ်ဖို့ကျတော့ တုန်ခါမှုများပြီး မြေပြိုမယ်လို့ ပြန်ပြောတာ နားမလည်နိုင်ဘူး”  ဟု အိမ်ရှင်က ဆက်ဆိုသည်။

အခု အိမ်မြေနေရာသစ်သာ မြေပြိုမည် ဆိုကပါ တောင်ဖက်ရှိ Pu Chung Hmung ၏ နှစ်ထပ်ပျဉ်အိမ်၊ ပူး ဇာထောင်း၏ သုံးထပ်ပျဉ်အိမ်၊ ချင်းတောင်တန်းစားသောက်ဆိုင်၊ ပီးဆုန်တျာလ်၏ နှစ်ထပ်ပျဉ်အိမ် နှင့် မြောက်ဖက်ရှိ ပူး ဗျက်နောလ်၏ လေးထပ်တိုက်၊ ပူး ထန်ကျူံး၏နှစ်ထပ်ပျဉ်အိမ်၊ ပူးဇိုဘွေး၏ သုံးထပ်ပျဉ်အိမ်တို့ ပြိုကျရမှာ ဖြစ်ပြီး၊ မြောက်ဖက်ရှိ ပူး တျာလ်နှင်း၊ ပူး ခဲန်တွဲ အိမ် နှင့် အခြား အိမ်နှစ်အိမ် လည်း စိုးရိမ်ရသည့် အဆင့်ရှိနေကြောင်း သိရသည်။

Most read this week