မြွေတောင် ဖားတောင်းအရေး ချင်းလူမှုအဖွဲ့ အစည်းများ တွေ့ဆုံဆွေးနွေးပွဲလုပ်

မြွေတောင် ဖားတောင်းအရေး ချင်းလူမှုအဖွဲ့ အစည်းများ တွေ့ဆုံဆွေးနွေးပွဲလုပ်
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်အထက်ပိုင်း တီးတိန်မြို့နယ်ရှိ မြွေတောင်၊ ဖားတောင်တွင် သတ္တုရိုင်းတူးဖော်ရေး စီမံကိန်းများ ပြုလုပ် လာပါက ဖြစ်ပေါ်လာ နိုင်သော အကျိူးသက်ရောက်မှုများ လေ့လာ ဆန်းစစ်သည့်တွေ့ဆုံဆွေး နွေးပွဲတရပ်ကို စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ် စန်းမြို့ ရပ်ကွက်ရှိ Youth Center ခန်းမတွင် မနေ့က ကျင်းပခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ဒေသအသီးသီးတွင် သယံဇာတ တူးဖော်မှုကြောင့်ဖြစ်ပေါ် လာသော အကျိူးဆက်များကို လေ့လာခဲ့ကြပြီး၊ ချင်းတောင်တွင် အဆိုပါကဲ့သို့ သယံဇာတ တူးဖော်မှုများပြု လုပ်လာပါက ဖြစ်ပေါ်လာ နိုင်သော အကျိူးဆက်များကိုလည်း ဆွေးနွေး ခဲ့ကြသည်ဟု စီစဉ်ဆောင် ရွက်သူ အထက်ချင်းတွင်း လူငယ်များကွန်ယက်မှ ကိုဇမ်ထွမ်း က ပြောသည်။

“မြန်မာနိုင်ငံ ဒေသအသီးသီးမှာဖြစ်နေတဲ့ သယံဇာတ ဖော်ထုတ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိူးတွေ၊ ဖြစ်ပေါ်တဲ့ ပြဿနာတွေကို ကျနော်တို့ ချင်းလူမှု အဖွဲ့အစည်းတွေ အပေါ်ချပြတယ်၊ ကျနော်တို့ ချင်းတောင်ဒေသမှာ ဒီလိုမျိူးစီမံကိန်းတွေ ၀င်လာတယ်ဆိုရင် ဘယ်လိုမျိူးဖြစ်ပေါ်လာနိုင်သလဲ ဆိုတာကို ကျနော်တို့ ဆွေးနွေးတာ ဖြစ်ပါတယ်၊ အဲဒီကတော့ မြွေတောင်၊ ဖားတောင်ကိစ္စမှာ ဘယ်လိုမျိူး ဆိုးကျိူး ကောင်းကျိူးတွေ ဖြစ်လာနိုင်သလဲဆိုတာကို ကျနော်တို့ဆွေးနွေး တာဖြစ်ပါတယ်’’ ဟု ကိုဇမ်ထွမ်း ကပြောသည်။

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများ၏ ပြောဆိုချက်အရ မြွေတောင်၊ ဖားတောင်တွင် စီမံကိန်းများ အကောင် အထည်ဖော်လာမည်ဆိုပါက ကလေးကဘော်နှင့် ချင်းတောင်တွေမှာ အက်ဆစ်မိုးများ နှစ်တိုင်းပုံမှန် ရွာချမှုဖြစ်ပေါ်လာ နိုင်ခြေရှိနေပြီး ချင်းတွင်းမြစ်ကို မှီခိုအားထားနေရသော တောင်ယာ အမြောက်အများ ပျက်စီးနိုင်ဖွယ် ရှိသည်ဟုလည်း ကိုဇမ်ထွမ်းက ပြောသည်။

“ပညာတတ်တွေရဲ့ ခန့်မှန်းချက်အရ ကလေးကဘော်နဲ့ ချင်းတောင်မှာ အက်ဆစ်မိုးတွေ နှစ်တိုင်းပုံမှန် ရွာချနိုင်တဲ့ ခြေအနေမှာရှိပါတယ်၊ စီမံကိန်းတွေ စတင်လာပြီဆိုရင် မီးခိုးလုံးတွေက ထွက်ပေါက်မရှိဘူးလေ။ ခံရမှာက ကလေးကဘော်နဲ့ ချင်းတောင်ပေါ့၊ အက်ဆစ်တွေ စွန့်ပစ်မယ်ဆိုရင် ကလေးကဘော် ချိူင့်ဝှမ်းရဲ့ ရေထွက်ပေါက်ကလည်း အများကြီး ရှိတာမဟုတ်ဘူး၊ တခုထဲဘဲရှိတယ်လို့ ပြောလို့ရပါတယ်၊ ချင်းတွင်းမြစ်ပေါ့၊ ရေထွက်ပေါက်တခုထဲဘဲ ရှိတဲ့နေရာဆိုတော့ ရေထွက်ပေါက်ကို အမှီပြုတဲ့ တောင်ယာတွေ၊ လယ်တွေ အများကြီးပျက်စီးနိုင်စရာရှိပါတယ်’’ ဟု၎င်းကပြောသည်။

နီကယ်နှင့် ခရိုမီယံ သံသတ္တုရိုင်းများ ထွက်ရှိသည်ဟု ယူရဆရသော မြွေတောင်၊ ဖားတောင်တွင် လွန်ခဲ့သော ၂၀၀၆ ခုနှစ်က တရုတ်ကုမ္ပဏီ ကင်ဘို က စမ်းသပ် တူးဖော်မှုများ ပြုလုပ်ခဲ့ပြီး နီကယ်သတ္တုရိုင်း ၁၁၀ ဒသမ ရ သန်းတန် နှင့် ခရိုမီယံ တန် ၃ သောင်းကျော် ထွက်ရှိနိုင်ကြောင်း ကင်ဘိုကုမ္ပဏီ၏ လေ့လာမှုစစ်တမ်းအရ သိရသည်။

ယခုလက်ရှိအခြေအနေတွင် မြွေတောင် ဖားတောင် စီမံကိန်းကို မည်သည့် ကုမ္ပဏီက တူးဖော်မည်ဆို သည်ကို အတိအကျ မသိရှိသေးသော်လည်း စီမံကိန်း အကောင်အထည် ဖော်မည်ဆိုပါက ဒေသခံပြည် သူများထံ ဖြစ်ပေါ်လာနိုင်သော ဆိုးကျိူး ကောင်းကျိူးများကို အရင်ချပြရန် လိုအပ်ကြောင်းလည်း ကိုဇမ်ထွမ်းက ပြောသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလဆန်း ပိုင်းကစပြီး တရုတ်ကုမ္ပဏီ Asia Guiding Star Service ကုမ္ပဏီလီမီတက်မှ တာဝန်ရှိသူများက မြွေတောင် ဖားတောင်ကို လာရောက် လေ့လာမှုများ ပြုလုပ်ခဲ့ကြကြောင်း ယင်းကုမ္ပဏီက မကြာခင်တွင် စီမံကိန်းများ စတင်နိုင်ဖွယ် ရှိသည်ဟုလည်း ဒေသခံများက ခန့်မှန်းကြသည်။

မနေ့ကပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလနှင့်  ကျောင်းသားလူငယ် အယောက် ၃၀ ခန့် တက်ရောက်ခဲ့ ကြသည်ဟုသိရသည်။