CNF ဌာနချုပ် ကို Camp Victoria ဟု ခေါ်တွင်

CNF ဌာနချုပ် ကို Camp Victoria ဟု ခေါ်တွင်
by -
ခိူနူမ်းထုန်

သမ္မတ ဦးသိန်းစိန် အစိုးရနှင့် ချင်းအမျိုး သားတပ်ဦး CNF တို့ အကြား ငြိမ်းချမ်းရေး သဘောတူညီချက် အရ ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် ဖွင့်လှစ်သည့် ဗဟိုဌာနချုပ်အား Camp Victoria  ဟု အမည်မှည့် ခေါ်လိုက်သည်။

ဇန္နဝါရီလ (၄) ရက်နေ့က စတင်ကျင်းပသည့် ချင်းအမျိုးသားတပ်ဦး၏ စတုတ္တအကြိမ် ပါတီညီလာခံ သက်တမ်း၊ ဒုတိယ အကြိမ် ဗဟိုကော်မီတီ အစည်းအဝေးမှ ဆုံးဖြတ်၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်။

“အမည်နာမ (၉) ခု လောက်ထွက်လာပေမဲ့ အစည်းအဝေး တက်ရောက်သူ အားလုံးနီးပါး က Camp Victoria ကို ရွေးချယ် လိုက်ကြတာပါ” ဟု CNF တပ်ဖွဲ့ဝင် အရာရှိ တဦးက ပြောသည်။

၂၀၀၅ ခုနှစ်အတွင်းက အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ ဖိအားကြောင့် ယခင်က လက်လွှတ် လိုက်ရသည့် အိန္ဒိယ–မြန်မာနယ်စပ်ရှိ Camp Victoria တပ်စခန်း အမည်အား ပြန်လည် ခေါ်ဆိုကြခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရပြီးနောက် ထန်တလန်နှင့် တီးတိန်မြို့နယ်များတွင် တပ်စခန်း ဖွင့်လှစ်ရန်နေရာ ရရှိထားသလို တီးတိန်၊ မတူပီ၊ ထန်တလန်မြို့များတွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားရှိသည်။

ချင်းအမျိုးသားတပ်ဦး CNF သည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အိုထံမှ အခြေခံစစ်ပညာကို ရယူ၍ ၁၉၈၈ ခုနှစ် မတ်လ (၂၀) ရက်နေ့က ဖွဲ့စည်းခဲ့ပြီး  ဘင်္ဂလားဒေရှ့်၊ အိန္ဒိယ– မြန်မာနယ်စပ်များတွင် အခြေစိုက် လှုပ်ရှားသည်။