နွားနောက် မျိုးမပြုတ်ရေး ကန်ပက်လက်ဒေသခံများ CNF ထံ တောင်းဆို

နွားနောက် မျိုးမပြုတ်ရေး ကန်ပက်လက်ဒေသခံများ CNF ထံ တောင်းဆို
by -
ခိူနူမ်းထုန်

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက် မြို့ပေါ် ဒေသခံ လူကြီးများက ဒေသအတွင်း နွားနောက် ရောင်းဝယ်မှု များပြားလာသည့်အတွက် မျိုးမပြုတ်ရေး တားဆီးပေးရန် CNF ထံ တင်ပြခဲ့ကြောင်း သိရသည်။

ချင်းအမျိုးသားတပ်ဦး CNF အနေဖြင့် ချင်းအမျိုးသားများ တန်ဖိုးအထားဆုံး နွားနောက်ကို ရှားပါး အိမ်မွေးတိရိစ္ဆာန်အဖြစ် သတ်မှတ် ကြသလို အခြားဒေသများမှ လာရောက်ဝယ်ယူမှု များပြားလာသည့် အတွက် တားဆီးပေးရန် တောင်းဆိုကြခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရှမ်းပြည်နယ် အာဏာပိုင်တွေက နွားနောက် အကောင် ၅၀ လာရောက်ဝယ် ယူခဲ့ကြတယ်” ဟု ဒေသခံ တဦးက ပြောသည်။

CNF နှင့် အစိုးရ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၁၂ ခု ဒီဇင်ဘာလ (၉) ရက်နေ့က ဒုတိယ အကြိမ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး ကန်ပက်လက် မြို့ခံ များနှင့် တွေ့ဆုံဆွေးနွေးစဉ် ဒေသခံများက ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ချင်းအမျိုး သားတပ်ဦးမှ တာဝန်ရှိသူ တဦးက “အဲဒီကိစ္စကိုတော့ ကျတော်တို့ အထက်ကို တင်ပြပြီးမှပဲ ဆက်လက်ဆောင်ရွက်ရမှာပါ” ဟု ပြောသည်။

ယခင်က နွားနောက်တကောင် ကျပ်ငွေ ၂ သိန်း ၅ သောင်း ပေါက်စျေး ရှိပြီး ယခု တကောင် ကျပ်ငွေ ၄ သိန်း နှင့် ၅ သိန်း အကြား ရောက်ရှိလာသော်လည်း ၀ယ်ယူသူ ပိုများလာကြောင်း သိရသည်။  

အလားတူ ပြီးခဲ့သည့် နို၀င်ဘာလ ကလည်း မင်းတပ်မြို့နယ်အတွင်း နွားနောက် အကောင် ၅၀ အား လာရောက် ၀ယ်ယူခဲ့ကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ် နှင့် မင်းတပ်မြို့နယ်သည် ချင်းပြည်နယ်အတွင်း နွားနောက်အများ ဆုံးမွေးမြူကြသည့် ဒေသဖြစ်သည်။

Most read this week