ဦးသိန်းစိန်အစိုးရက KIA အပေါ်ထိုးစစ်ဆင်မှု CNF ကန့်ကွက်

ဦးသိန်းစိန်အစိုးရက KIA အပေါ်ထိုးစစ်ဆင်မှု CNF ကန့်ကွက်
by -
ခိုနူမ်းထုန်

လွန်ခဲ့သည့် ၁၇ နှစ် ကတည်းက မြန်မာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့် KIA အား ပြန်လည် စစ်ဆင်မှု ပြုလုပ် နေသည့် ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရ၏ လုပ်ရပ်ကို ချင်းအမျိုးသား တပ်ဦး CNF က ကန့်ကွက်လိုက်သည်။

၂၀၁၁ ခုနှစ် ဇွန်လ (၉) ရက်နေ့မှစပြီး စတင်ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ ကြည်းတပ်၊ လေတပ်များဖြင့် အလုံးအရင်း ထိုးစစ်ဆင်နေခြင်းသည် မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် မျှော်လင့်ချက် လျော့နည်းစေ လျက်ရှိသည်ဟု ဇန္နဝါရီလ ၅ ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နှစ်ဖက် တိုက်ပွဲကြောင့် ပြည်သူများ ထိခိုက်၊ ဒါဏ်ရာရ သေဆုံးကြသည့် အပြင် ကချင်ပြည်သူ ဒုက္ခသည် တသိန်း ခန့် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ကြပြီး လူမှုဒုက္ခ နှင့် ကြုံတွေ့နေရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ဖြစ်နေရသည်ဟု ဆက်လက် ဖော်ပြထားသည်။

ချင်းအမျိုးသား တပ်ဦးနှင့် သမ္မတ ဦးသိန်းစိန်အစိုးရတို့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း ဒုတိယ အကြိမ်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ရပ်ဆိုင်းရေး တိုက်တွန်းခဲ့သော်လည်း မြန်မာ အစိုးရ အနေဖြင့် ရှိသမျှ လက်နက်ဖြင့် စစ်ဆင်ရေးများ ပြုလုပ်နေသဖြင့် ကေအိုင်အိုအပေါ် ထိုးစစ်ဆင်မှုတွေ အမြန်ဆုံးရပ်တန့်ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံး ကျင်းပသွားရန် CNF က တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

အလားတူ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)ကလည်း ဗမာ့တပ်မတော်မှ ကချင်ပြည်လွတ်လပ်ရေးတပ်မတော်အပေါ် ထိုးစစ်ဆင်နေခြင်းသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်းနှင့် တွေ့ဆုံစဉ် နိုင်ငံရေးပြသာနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းသွားရေး သဘောတူ ညီချက် နှင့် ဖီလာဆန့်ကျင်နေကြောင်း ဇန္နဝါရီလ (၁) ရက်နေ့က သဘောထားထုတ်ပြန်ထားသည်။

ငြိမ်းချမ်းရေးရယူထားစဉ်တွင် နိုင်ငံရေးဆွေးနွေးရန် ကေအိုင်အိုက နအဖ စစ်အစိုးရထံ ကမ်းလှမ်းထားခဲ့ရာ ယခု လက်ရှိ အစိုးရလက်ထက်တွင် ဆွေးနွေးရန်ဖြစ်သည်ဟု တုံ့ပြန်ထားသော်လည်း အလုပ်နဲ့ အပြော တခြားစီဖြစ်နေသည်ဟု ဝေဖန် ထားကြသည်။

Most read this week