ချင်းပြည်နယ် ရွာ (၄၀) ကျော် အတွက် ၀မ်းစာစပါး စိုးရိမ်ရ

ချင်းပြည်နယ် ရွာ (၄၀) ကျော် အတွက် ၀မ်းစာစပါး စိုးရိမ်ရ

ချင်းပြည်နယ် အထက်ပိုင်း ထန်တလန်မြို့နယ် ဇာနတ်တောင်ကြောနှင့် မာရာ တောင်ကြော၊ မတူပီမြို့နယ် မရာရာဒေသ တလျှောက်ရှိ ကျေးရွာ ပေါင်း ၄၀ ကျော်မှ ဒေသခံများ ၀မ်းစာစပါး အတွက် စိုးရိမ်နေကြောင်း သိရသည်။

အောက်တိုဘာလ ဆန်းပိုင်းက မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ် မှုကြောင့် ဒေသအတွင်းရှိ တောင်ယာစပါးခင်း အများအပြား ပျက်စီးခဲ့ရာ ယခုနှစ်အတွက် ဆန်စပါး လုံလောက်မှု မရှိနိုင်တော့ကြောင်း ဇာနတ်တောင်ကြောတွင် နေထိုင်သည့် ထန်ဇန်း ရွာသားတဦးက ပြောသည်။

“ကျနော်တို့ရွာက အရင်နှစ်တွေမှာ တောင်ယာစပါး ပုံး ၃ သောင်းလောက် ထွက်ရှိလေ့ရှိပေမယ့် ဒီနှစ် မှာတော့ လေ အရမ်းတိုက်တာနဲ့ စပါးတွေပျက် ကုန်တော့ တရွာလုံးမှ ပုံး ရ၀၀ လောက်ဘဲရကြတယ်’’ ဟု အဆိုပါရွာသားက ပြောသည်။

ဇာနတ်တောင်ကြော တလျောက်တွင် ကျေးရွာပေါင်း ၁၁ ရွာရှိသည့် အနက် ၁ ရွာ လောက်သာ နှစ်ဝက်စာ ဆန်ရေစပါးရရှိကြပြီး ကျန် ကျေးရွာများတွင် ဆန်စပါး မရကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ မရာတောင်ကြောတလျှောက်ရှိ ကျေးရွာပေါင်း ၃၀ ခန့်တွင်လည်း ရာသီ ဥတုဖောက် ပြန်မှုကြောင့် ယခုနှစ် စပါးအထွက် နည်းနေကြောင်း ဟားခါးမြို့အခြေစိုက် အပတ်စဉ်ထုတ် ဟားခါးပိုစ့်သတင်း အယ်ဒီတာ လာအောမ်ပွီးယာက ပြောသည်။

“တချိူ့ရွာဆိုရင်တော့ တအိမ်မှာ စပါး ၁၀ ပုံး၊ ၁၅ ပုံး ရရှိကြတယ်၊ အခု စပါး ရိတ်သိမ်းပြီးခါစဆိုတော့ သူတို့စားဖို့ကတော့ ကျန်သေးမှာပေါ့ ၊ ဒါပေမယ့် နှစ်သစ် နွေရာသီ လောက်ဆိုရင်တော့ တော်တော် အခက်ကြံုရမယ့် အခြေအနေရှိပါတယ် ဘာလို့လည်းဆိုတော့ တရွာလုံး အထွက်နှုန်းက ဒီလို ဆိုးနေတော့’’ ဟု သူကပြောသည်။

ပြည်နယ် အတွင်းရှိ ချင်းတိုင်းရင်းသား များသည် အများအားဖြင့် တောင်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး နှစ်စဉ် ထွက်ရှိသော ဆန်စပါးများကို တစ်နှစ်ပတ်လုံး စားသောက်ရန် စုဆောင်း ထားလေ့ရှိသည်။

ထန်တလန်မြို့နယ်ရှိ ဒေသခံအများစုမှာ ယခုနှစ် တောင်ယာစပါး အထွက်နည်း ခြင်းကြောင့် တစ်နှစ်ပတ်လုံး စားသောက်ရန် စုဆောင်းနိုင်ခြင်း မရှိသည့်အပြင်၊ လာမည့် ၂၀၁၃ ခုနှစ် မိုးရာသီ မတိုင်မီ ဆန်စပါး ပြတ်လပ်ဖွယ် ရှိနိုင်ကြောင်း ဟားခါးပိုစ့်သတင်း အယ်ဒီတာက သုံးသပ်ပြောဆိုသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ပြည်နယ်အစိုးရ အပါအဝင် ဒေသတွင်းအခြေစိုက် အစိုးရ မဟုတ်သည့် NGOs  အဖွဲ့အစည်းများ အနေဖြင့် တစုံတရာ ကွင်းဆင်း လေ့လာမှု မရှိသေးကြောင်း သိရသည်။