CNF လူထုတွေ့ဆုံပွဲ အကြိုမိတ်ဆက်ခြင်း ပြုလုပ်

CNF လူထုတွေ့ဆုံပွဲ အကြိုမိတ်ဆက်ခြင်း ပြုလုပ်
by -
ခိုနူမ်းထုန်

လက်ရှိ အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် လူထု တွေ့ဆုံပွဲ အကြိုမိတ်ဆက်ခြင်းကို ချင်းအမျိုးသားတပ်ဦး CNF မတူပီမြို့ ဆက်ဆံရေးရုံး က ဦးဆောင်၍ Rev Tha Dun ဘုရားကျောင်းတွင် ပြုလုပ် ကြောင်း သိရသည်။

မတူပီမြို့အခြေစိုက် စီအဲန်အက်ဖ် ဆက်ဆံရေးရုံးတာဝန်ခံ ပူးထန်ယဲန်း၊ ဒု တာဝန်ခံ ပူးမန်လိုင်း၊ ရုံးတာဝန်ခံ ဂျိမ်းရိုလဲန်တို့မှ နို၀င်ဘာလ ၁၇ ရက်နေ့က မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပြီး မတူပီမြို့ပေါ် သုံးရပ်ကွက်မှ ကျောင်း သား လူငယ်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူအင်အား ၁၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။

“မတူ၊ မရာ၊ ဇိုသုန်၊လောက်တူ၊ ဒိုင် စသည့် လူငယ်တွေ စုံတယ်၊ နံနက် ၁၁ နာရီကနေ ညနေ ၆းဝဝ နာရီမှာ ရုတ်သိမ်း ခဲ့တယ်၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဒေသခံ အဆိုရှင်တွေလည်း ပါ၀င်တယ်” ဟု ပူး မန်လိုင်းက ပြောသည်။

မိတ်ဆက်ပွဲတွင် ပူး မန်လိုင်းမှ ပြည်ထောင်စု အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ၁၅ ချက်အပေါ် ရှင်းလင်းခဲ့ပြီး ဂျိမ်းရိုလဲန်မှ လူငယ်အသင်းအဖွဲ့၏ အရေးပါပုံ၊ အနာဂါတ် နိုင်ငံတော်တည်ဆောက်ရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍ အရေးကြီးပုံများကို ဆွေးနွေးခဲ့ကြသည်။

CNF က ချင်းပြည်သူလူထုနှင့် မကြာခင် တွေ့ဆုံပွဲ အကြီးအကျယ်ပြုလုပ်မှာဖြစ်သဖြင့် ယခု အကြိုတွေ့ဆုံပွဲ Pre instruction ပြုလုပ်ခြင်းဖြစ်ကြောင်း ပူးမန်လိုင်းက ဆက်ဆိုသည်။

လူငယ်ခေါင်းဆောင်များဖက်မှလည်း စီအဲန်အက်ဖ် ဟာ  အနာဂါတ် ချင်းပြည်နယ် ပြန်လည် တည်ဆောက်ရေးမှာ အင်မတန် အရေးပါမည့် အဖွဲ့အစည်းလို့ မြင်ကြောင်းနှင့်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် အားပေး ထောက်ခံကြောင်း ပြောသည်။

တချိန်တည်းတွင် စီအဲန်အက်ဖ်နှင့် မတူပီကျောင်းသားလူငယ်များက နို၀င်ဘာလ ၁၈ ရက်နေ့က မတူပီမြို့အနီး ငလိုင် ရွာသို့ သွားရောက်ခဲ့ပြီး Cingtlang လူငယ်၊ ဒေသခံ မိဘ ပြည်သူ ၃၀၀ ကျော် နှင့် တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

“စီအဲန်အက်ဖ် ခေါင်းဆောင်တွေနဲ့ ကျတော်တို့ မတူပီလူငယ် ၅၀ ကျော် ဟာ ဆိုင်ကယ် ၂၇ စီးနဲ့ ငလိုင်ရွာကို သွားကြတယ်၊ ဖနိုင် အစိုးရအလယ်တန်းကျောင်းမှာ လူထုနဲ့တွေ့ဆုံခဲ့ကြတယ်၊ ငလိုင်ရပ်မိရပ်ဖတွေက ညစာ  ထမင်းနဲ့ အထူးဧည့်ခံကြတယ်၊ အင်မတန်အားရ စရာကောင်း တယ်” ဟု လူငယ်ခေါင်းဆောင်တဦးက ပြောသည်။

စီအဲန်အက်ဖ်နှင့် ပြည်ထောင်စု အစိုးရတို့ ပြည်ထောင်စု အဆင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ဒီဇင်ဘာ ရ ရက်နှင့် ၈ ရက်နေ့များတွင် ပြုလုပ်ရန် ရှိကြောင်း သိရသည်။