ခိုလှုံရာမဲ့သူတွေရဲ့ ဘဝ

ခိုလှုံရာမဲ့သူတွေရဲ့ ဘဝ
by -
ခိုနူမ်းထုန်

စစ်အစိုးရရဲ့ အာဏာရှင် စံနစ် အုပ်ချုပ်မှုအောက်မှာဖိနှိပ် ချုပ်ချယ်မှု အမျိုးမျိုးခံခဲ့ရသလို နေ့စဉ်နဲ့အမျှ စားဝတ်နေ ရေးအခက်အခဲတွေ ပြေလည်အောင် ရုန်းထွက်နိုင်ဖို့ နယ်စပ်ဖြတ်ကျော်ပြီး နေထိုင်နေကြရတဲ့ ချင်းလူမျိုးတွေ သွားရောက်ခိုလုံနေတဲ့ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ဘက် ကမ်းက ဆိုင်းခုမ်ဖိုင်း ဆိုတဲ့ကျေးရွာတရွာ ဖြိုဖျက်ခံလိုက်ရပြန်ပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရက နိုင်ဝင်ဘာလ ဒုတိယပတ်အတွင်းမှာ ဖြိုဖျက်လိုက်တာပါ။ အခုလို ချင်းလူမျိုးအများစု နေထိုင်ရာ Sai khumphai ကျေးရွာ ဖျက်သိမ်းခံရတဲ့ အကြောင်းရင်းနဲ့ပတ်သက်လို့ Vaphai ကျေးရွာ Joint Action Committee တာဝန်ရှိသူတွေက အချက်လေးချက်နဲ့ ပတ်သက်နေတယ်လို့ ဆိုပါတယ်။

(၁) Vaphai ကျေးရွာဟာ အစိုးရက တပ်ချထားမှုမရှိတာကြောင့် မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ အဓိကတင်သွင်းရာ ဒေသတခုဖြစ်လာတယ်၊ ဆိုင်းခုမ်ဖိုင်းကျေးရွာမှာ မြန်မာနိုင်ငံသား (ချင်းလူမျိုး)တွေ တဖြည်းဖြည်းများလာပြီး ဒုစရိုက်မှု ကျူးလွန်နေတဲ့ မြန်မာနိုင်ငံသားအချင်းချင်းကို ဖုံးကွယ်ပေးလေ့ရှိတယ်။

(၂) မြန်မာနိုင်ငံသား(ချင်းလူမျိုးတွေဟာ) လုပ်ငန်းအတည်တကျမရှိဘဲနဲ့ Saikhumphai ကျေးရွာကို ပြောင်းရွှေ့လာကြ သူတွေဖြစ်ပြီး သဘာဝ သစ်တောတွေကိုလည်း အချိန်မတန်ခင် ခုတ်လှဲလေ့ရှိတာကြောင့် သစ်တော ဖြုန်းတီးမှုဖြစ် လာစေတယ်။

(၃) မြစ်ချောင်းတွေမှာ ငါးမိုင်းခွဲခြင်း၊ Dynamo နှင့် ငါးဖမ်းခြင်း၊ အဆိပ်ရည် နှင့် ငါးဖမ်းမှု တွေမလုပ်ဖို့ ကျေးရွာအာ ဏာပိုင်တွေက တားမြစ်တဲ့ကြားထဲမှာ ဆက်လက် လုပ်ဆောင် နေကြတာကြောင့် ရေသတ္တဝါတွေမျိုးပြုန်းစေတယ်၊

(၄) သူတို့(မြန်မာနိုင်ငံသားချင်းလူမျိုး)ရဲ့ မကောင်းသော လုပ်ရပ်တွေကို သိနေပေမယ့် မိမိတို့ကျေးရွာ(Vaphai) နှင့် အလှမ်းဝေးတာကြောင့် မိမိတို့အနေနဲ့ အနီးကပ်စောင့်ကြည့်မနေနိုင်ဘူး။ ဆိုပြီး အချက် ၄ ချက်ပါရှိတယ်။

Vaphai ကျေးရွာ ပူးတွဲ လှုပ်ရှားမှု ကော်မတီ JAC ရဲ့ အကြောင်းပြချက်တွေအပေါ် Saikhumphai ကျေးရွာမှာနေ ထိုင်တဲ့ ချင်းအမျိုးသားတဦးကတော့ လုံးဝ ငြင်းဆန်ထားပါတယ်။

“ဒီကျေးရွာမှာ ဘယ်သူမှ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူမရှိပါဘူး၊ ကုန်သည်တွေ စီးပွားရေးသမားတွေလည်း မရှိကြ ပါဘူး၊ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ တောင်ယာသမားတွေပါ’’ လို့ ပြောဆိုပါတယ်။

ဒါပေမယ့် Vaphai ကျေးရွာ JAC အဖွဲ့ကတော့ မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ အိန္ဒိယနိုင်ငံသားမဟုတ်တဲ့ Saikhumphai ကျေးရွာက သူတွေကို လွန်ခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မမောင်းထုတ်ဘူး ဆိုရင် Vaphai ကျေးရွာလူထုအားနဲ့ ဖျက်သိမ်းတော့မယ်လို့ အသိပေးခဲ့ပါတယ်။

ဒါကြောင့် နိုဝင်ဘာလဆန်းပိုင်းကဘဲ ချင်းလူမျိုးလူဦးရေ ၈၀ ခန့်ကို ကျေးရွာကနေ မောင်းထုတ်လိုက်ကြပြီး သူတို့နေ ထိုင်ခဲ့တဲ့အိမ်တွေကိုလည်း ချိတ်ပိတ်ထားလိုက်ပါတယ်။

မီဇိုရမ်အစိုးရရဲ့ အစီအစဉ်နဲ့ အဲဒီကျေးရွာမှာ ကျန်ရှိနေကြတဲ့ အိန္ဒိယနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူတွေကို Vaphai ကျေးရွာမှာ ပြောင်းရွှေ့နေရာချထားပေးမှာဖြစ်ပြီး တအိမ်ထောင်ကို ရူပီး သုံးသောင်းစီကူညီပေးမယ်လို့ လည်း ကြားသိရပါတယ်။

သမိုင်းကြောင်းကို သေခြာ လေ့လာကြည့်မယ်ဆိုရင် ဆိုင်ခုမ်ဖိုင်းကျေးရွာဟာ မီဇိုရမ်ပြည်နယ်အတွင်းမှာတည်ရှိပြီး အိန္ဒိယ-မြန်မာနယ်စပ်လမ်းကြောင်းပေါ်က ကျေးရွာပါ။ သူတို့ဟာ Vaphai ကျေးရွာကောင်စီအုပ်ချူပ်မှု အောက်မှာ နေထိုင်နေကြရတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၆၃ ခုနှစ်ကတည်းကစပြီး မြန်မာနိုင်ငံဘက်ကနေ ချင်းလူမျိုးတချို့ စတင်ပြောင်းရွှေ့လာခဲ့ကြပြီး Vaphai ကျေးရွာကောင်စီရဲ့ အသိအမှတ်ပြုမှုနဲ့ နေထိုင်ခဲ့ကြတာပါ။ ချင်းလူမျိုးတွေဟာ အဲဒီကျေး ရွာမှာနေထိုင်ပြီး တောင်ယာလုပ်ငန်းကို အငှားစံနစ်နဲ့ လုပ်ကိုင်အသက်မွေးဝမ်းကျောင် ခဲ့ကြတာလို့သိရပါတယ်။

မြန်မာနိုင်ငံမှာ စားဝတ်နေရေး အခက်ခဲတွေကြောင့် အဲဒီကျေးရွာကို ပြောင်းရွှေ့လာတဲ့ ချင်းလူမျိူးတွေတဖြည်းဖြည်း များပြားလာခဲ့ရာက အိမ်ခြေ ၅၀ ကျော်အထိရှိလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အခြေခံမူလတန်းကျောင်းတွေ ရှိလာတဲ့ အထိ တိုးတက်လာပြီး သူတို့သားသမီးတွေ ပညာသင်ကြားနိုင်ခဲ့ပါတယ်။ မောင်းထုတ်ခံရတဲ့ချင်းလူမျိုး တွေကတော့ ကြည့်ရှူကူညီထောက်ပံ့ပေးမယ့်သူမရှိကြဘဲ နီးစပ်ရာ ကျေးရွာတွေမှာ သွားရောက် နေထိုင်ကြရသလို၊ တောင်ယာတဲတွေထဲမှာ နေထိုင်နေရပါတယ်။

“ဒီဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံသားမဟုတ်ကြတဲ့ ချင်းလူမျိူးအတွက် အမှန်တကယ် တုန်လှုပ်ခြောက်ခြားစရာတခုပါ၊ သူတို့ နောက်ထပ် ဘယ်ဒေသ၊ ဘယ်နေရာကိုများ သွားရောက်ခိုလှုံကြမလဲဆိုတာ စဉ်းစားစရာ ကိစ္စကြီးတရပ်ဖြစ် နေမှာအမှန်ပါ’’ လို့ အဲဒီကျေးရွာကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့ ချင်းလူမျိုးတဦးက ပြောပြခဲ့ပါတယ်။

Most read this week