ချင်းအမျိုးသားနေ့ အတူတကွ ကျင်းပရန် CSU နဲ့ Zomi Community အကြား ဆွေးနွေး

ချင်းအမျိုးသားနေ့ အတူတကွ ကျင်းပရန် CSU နဲ့ Zomi Community အကြား ဆွေးနွေး
by -
ခိုနူမ်းထုန်

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်မည့် ၆၅ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို အတူတကွ ကျင်းပနိုင်ရေးကိစ္စ ဒေလီအခြေစိုက် Chin Students’ Union (CSU) ခေါင်းဆောင်များနှင့် Zomi Community မှ ခေါင်းဆောင် ၁၇ ဦးတို့ နို၀င်ဘာလ ၃ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သည့် ၆၄ ကြိမ်မြောက်ချင်းအမျိုးသားနေ့ ကို Zomi Community မှ Zomi Nationday အဖြစ် သီးသန့် ကျင်းပခဲ့သည်။ ၆၅ ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို အတူတကွ ကျင်းပနိုင်ရေးအတွက် CSU မှ ကမ်းလှမ်းခဲ့ရာ ယခုကဲ့ သို့တွေ့ ဆုံဆွေးနွေးကြခြင်းဖြစ်သည်ဟု သိရသည်။

“ ယခုလိုတွေ့ဆုံခြင်းဟာ လာမည့် ၆၅ ကြိမ်မြောက်ချင်းအမျိုးသားနေ့ကို ယခင်အတိုင်း အခမ်း အနားတခုအောက်မှာ အနှစ်သာရရှိရှိ အတူ တကွ ကျင်းပလိုသောကြောင့်ဖြစ်တယ်” ဟု CSU ဥက္ကဌ Salai Sang Hninlian က ခိုနုမ်းထုန်ကို ပြောသည်။

CSU မှ ကမ်းလှမ်းတွေ့ဆုံသည့်အပေါ် Zomi Community ဖက်ကလည်း ၀မ်းမြောက်စွာဖြင့် ကြို ဆိုကြောင်း၊ ယမန်နှစ်က ကိစ္စဟာ ဘာသာ စကားအခက်အခဲကြောင့် ဇိုမီးအတွင်း အားလုံးနား လည်သည့် ဇိုမီး ဘာသာစကားဖြင့် ကျင်းပလိုသောကြောင့်ဖြစ် ကြောင်း ချင်းနဲ့ ဇိုမီးဆိုသည်မှာ တူညီသည်ဟု မိမိိတို့ဖက်မှ နားလည်ထားကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်ဟု သိရသည်။

ဆက်လက်ပြီး ဇိုမီးဖက်မှ ရှင်းလင်းသည်မှာ ချင်းအမျိုးသားနေ့ကို ဇိုမီး Community မှ သီးသန့် ကျင်းပခြင်းမဟုတ်ကြောင်း အမှန်မှာ ချင်းအမျိုးသားနေ့ကို ဟားခါးဖက်က လိုင်အမျိုးသားနေ့၊ ဖလမ်းဖက်က လိုင်အမျိုးသားပေါ်ပေါက်ရေးနေ့၊ ဇိုမီးဖက်က ဇိုမီးအမျိုးသား နေ့အဖြစ်အသီးသီး သဘောပေါက်ခြင်းသာဖြစ်ကြောင်း သို့သော် အနှစ်သာရမှာ အတူတူပင်ဖြစ်ကြောင်း ဆက်ပြော သည်။

ဒေလီအခြေစိုက် ချင်းလူမျိုးများသည် CSU ဦးဆောင်မှုဖြင့် ၁၉၉၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ချင်းအမျိုးသားနေ့ကို အတူတကွ ကျင်းပခဲ့ကြကြောင်း သိရသည်။

Zomi Community အတွင်းရေးမှူးကမူ ချင်းအမျိုးသားနေ့ဖြစ်မြောက်ရေးအတွက် သီးသန့် ကျင်းပခြင်းမဟုတ်ကြောင်း အကြောင်းမှာ CSU လှုပ်ရှားမှုမှာ Zomi Community ဖက်ကလည်း တတပ်တအား ပါ၀င်ခဲ့ကြောင်း ပြောဆိုသည်။

၂၀၁၃ ခုနှစ်မှာ ကျရောက်မည့် ၆၅ ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို အတူတကွ ကျင်းပ ပြုလုပ် နိုင်ရေး ပူးပေါင်း ကြိုးပမ်း သွားကြမည်ဖြစ်ပြီး CSU သည် ဇိုမီးအဖွဲ့နှင့် တွေ့ဆုံခဲ့သလို တခြား Community တွေနဲ့လည်း ဆက်လက်တွေ့ဆုံကြမည်ဟု သိရသည်။

Most read this week