ချင်းပြည်နယ် ထန်တလန်မြို့နယ် ချင်းအမျိုးသားပါတီ (CNP)မှ ရွေးကောက်ခံရသည့်လွှတ်တော်ကိုယ် စားလှယ်များနှင့် ဒေသခံလူထုတို့ တွေ့ဆုံဆွေးနွေးနိုင်ရန် ရုံးတခု ဖွင့်လှစ်ခွင့် လျှောက်ထားသော်လည်း သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးက တစုံတရာ တုန့်ပြန်ခြင်း မရှိကြောင်း သိရသည်။
ထန်တလန်မြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စား (CNP) ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Pu Lalmaungcung က အောက်တိုဘာလ ၁၆ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြခဲ့ခြင်းဖြစ်သည်။
“အောက်တိုဘာ ၂၅ ရက်နေ့မှာ ရုံးဖွင့်လှစ်ခွင့်ပြုဖို့ တင်ပြတာ ယနေ့ထိ တစုံတရာတုန့်ပြန်မှုမရှိဘူး၊ လွှတ်တော်ကိုယ် စားလှယ်အားလုံးအတွက်တင်ပြတာပါ” ဟု Pu Lalmaungcung က ပြောသည်။
ပါတီရေးရာ ကိစ္စရပ်များ ဆွေးနွေးနိုင်ရန် အပါအဝင် မြို့နယ်အတွင်းရှိ ပြည်သူလူထုများ အနေဖြင့် ကိုယ်စားလှယ်များနှင့် တင်ပြဆွေးနွေးလိုသည့် ကိစ္စရပ်များရှိပါက ဆုံရပ်တခု ဖြစ်ပေါ်လာရန် ရည်ရွယ်၍ ရုံးဖွင့်လှစ်ရန် စီစဉ်ထားခြင်း ဖြစ်ပြီး လျှောက်ထားချက် မိတ္တူအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော် ဥက္ကဌတို့ထံ ပေးပို့ တင်ပြထားကြောင်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲ ကာလက ထန်တလန်မြို့နယ်တွင် ချင်းအမျိုးသားပါတီမှ Pi Za tlem (ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်)၊ Paul ThanThai (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)နှင့် ပြည်နယ်လွှတ် တော်ကိုယ် စားလှယ် များဖြစ်သည့် Pu Lalmaung cung နှင့် Pu Roben တို့ ရွေးကာက်ခံခဲ့ရသည်။
ချင်းပြည်နယ် လွှတ်တော်သုံးရပ်စလုံးအတွက် မဲဆန္ဒနယ်မြေ ၃၉ နေရာရှိသည့်အနက် ချင်းအမျိူးသားပါတီက (၉) နေရာ၊ ချင်းတိုးတက်ရေးပါတီက (၁၁) နေရာ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက (၁၈)နေရာ နှင့် မရာမျိုးနွယ်စုများဖငြ့် ဖွဲ့စည်းထားသည့် တိုင်းရင်းသား လူမျိူးများဖွံ့ဖြိုးရေးပါတီက (၁) နေရာ အသီး သီးရရှိသည်။