ချင်းပြည်နယ် ၀န်ကြီးချုပ် ပူး ဟုန်းငိုင် ဦးဆောင်မှုဖြင့် ဒေသ စိမ်းလန်းစိုပြေရေး အတွက် ပြည်နယ်မြို့တော် ဟားခါး နှင့် ဖလမ်းမြို့များတွင် သစ်ပင်ပေါင်း ၂၃၄၀ ခန့် စိုက်ပျိုးကြသည်ဟု ဒေသထုတ် HYF သတင်းတွင် ဖော်ပြထားသည်။
ဇွန်လ ၂၉ ရက်နေ့က ဖလမ်းမြို့တွင် အပင်ပေါင်း ၁၁၄၀ ကိုလည်းကောင်း ဇွန် ၃၀ ရက်နေ့က ဟားခါးမြို့ တွင် အပင် ပေါင်း ၁၂၀၀ ကိုလည်းကောင်း စိုက်ပျိုးကြခြင်းဖြစ်သည်။
“ဖလမ်းမြို့မှာက ကျင်မွာလ်ရပ်ကွက်၊ ဂေါက်သီးကွင်း နှင့် လမ်းတလျှောက်မှာ စိုက်ကြတာပါ၊ ၀န်ကြီးချုပ် ကိုယ်တိုင် ခါတော်မှီပင်ကို စစိုက်ပေးတာပေါ့” ဟု ဒေသခံ တဦးက ပြော သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ၀န်ကြီးချုပ်အပါအဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပူး ငွန်ဆန်းအောင်၊ ခရိုင်အုပ် ချုပ်ရေး မှူးနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများပါ၀င်ကြောင်း၊ စွယ်တော်၊ ခါတော်မှီ၊ စိန်ပန်းပင်၊ ငုစပ်၊ ထင်ရှူး၊ ချယ်ရီပင်များ စိုက်ပျိုး ကြ သည်ဟု သိရသည်။
အလားတူ ဟားခါးနှစ်ခြင်း အသင်းတော်၊ လူငယ်အသင်းအဖွဲ့များကလည်း ဒေသစိမ်းလန်း စိုပြေရေးအတွက် အပင်ပေါင်း ၃၀၀၀၊ အလှူရှင်များမှ အပင် ၂၀၀၀ ခန့်စိုက်ပျိုးကြကြောင်း၊ ဟားခါးမြို့နယ် ယူအက်စ်ဒီပီ ပါတီဦးဆောင်မှုဖြင့်လည်း အပင်များစိုက်ပျိုးကြသည့် အပြင် ကျေး လက် ဒေသများသို့အပင်ငယ်များ ပို့ထားကြောင်း သိရသည်။
ယခုနှစ် ဇွန်၊ ဇူလိုင်အတွင်း အပင်ပေါင်း ၁၀၀၀၀ ခန့် စိုက်ပျိုးကြမည်ဟု သိရပြီး အဆိုပါ သစ်ပင်များ သည် သစ် တောဌာ နမှ ဒေသစိမ်းလန်းစိုပြေရေးအတွက် ပျိုးထားသည့် အပင်များ ဖြစ်ကြောင်း ပြောကြသည်။