ချင်းပြည်နယ် တီးတိန်၊ တွန်းဇံ နှင့် ကျီခါး မြို့နယ်တို့ကို ခရိုင်တခုအဖြစ် ထားရှိရေးကို ပြည်နယ် လွှတ်တော် အထူးအစည်း အဝေးက မဲခွဲဆုံးဖြတ် ရာတွင် ရှုံးနိမ့်သွားသည့်အတွက်ကြောင့် တီးတိန်မြို့ ခံပြည်သူများက ၀မ်းနည်းကြောင်း ဆန္ဒထုတ် ဖော်သည့်အနေဖြင့် ယနေ့တွင် ဆိုင်ခန်းအားလုံးကို တနေကုန်ပိတ်လိုက် ကြသည်ဟုသိရသည်။
ဇွန်လ ဆန်းပိုင်းက ကျင်းပသော ချင်းပြည်နယ် အထူးလွှတ်တော်အစည်းအဝေးတွင် ယင်းကိစ္စကို မဲခွဲဆုံးဖြတ်ရာတွင် ၁၁ မဲ ၅ မဲဖြင့် ရှုံးနိမ့်သွား ခဲ့ခြင်းဖြစ်သည်။ ဟားခါး၊ ထန်တလန် တို့သည် ခရိုင် တခုရရှိသွားခဲ့သည်။
အစည်းအဝေး ဖလမ်းခရိုင်တွင် တီးတိန်၊ တွန်းဇံ ( ကျီခါးမြို့နယ်ခွဲအပါအဝင်)မြို့နယ်တို့ကို ထည့် သွင်းထားပြီး ဟားခါးနှင့် ထန်တလန်အား ဟားခါး ခရိုင်အဖြစ် ဖွဲ့စည်းခဲ့ကြသည်။
တီးတိန်မြို့နယ်သည် ပထဝီရေမြေအနေထားအရသော်၎င်း၊ လူဦးရေ ကျေးရွာအုပ်စုအရသော်၎င်း ခရိုင်တခုရရှိသင့်သော် လည်း မရရှိခြင်းကြောင့် တီးတိန်လူထုက ယခုကဲ့သို့ ဆန္ဒပြကြခြင်းဖြစ်သည်ဟု တီးတိန်ခရိုင်ရရှိရေးကော်မတီဝင် ကို ထန်ပီးကပြောသည်။
“ ပထဝီမြေအနေထား၊ ကျေးရွာ အုပ်စု အရသော်လည်း နောက်ပြီးတီးတိန်ဆိုတာက အိန္ဒိယ-မြန်မာနယ်စပ်ရဲ့ အဓိက လမ်းမကြီးဖြစ်တယ်၊ နယ်စပ်ကုန် သွယ်ရေးစခန်းလည်းထားထားပါတယ်၊ တမူးတို့၊ မြဝတီတို့ တာချီလိတ်တို့ကြည့်မယ်ဆို ရင် နယ်စပ်ထွက်ပေါက်မြို့တွေကို တမြို့နယ် တခရိုင်ပေး ထားလျက်သားနဲ့ တီးတိန်ကျတော့ တမြို့နယ်ထဲမကဘူး ကျီခါးပါမယ်၊ တွန်းဇံပါမယ်၊ ဆိုတော့ အင်မတန်မှ ပေးသင့်ပေး ထိုက်ပါတယ်၊ ဒါကြောင့် ကျနော်တို့ အရမ်းဝမ်းနည်းလွန်းလို့ ခုလိုဆန္ဒဖော်ထုတ်ခြင်းဖြစ်ပါတယ်’’ ဟု ကိုထန်ပီးကပြောသည်။
ထို့အပြင် ဒေသခံများသည် ၎င်းတို့၏ အိမ်ရှေ့တွင် ၀မ်းနည်းကြောင်းပြသသည့်အနေနဲ့ ချင်းစောင် (Puanlaisen) ကို အလံ ကဲ့သို့ ချိတ်ဆွဲထားကြ သည်ဟုလည်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချူပ် ဦးဟုန်းငိုင်းသည် ယနေ့မွန်းလွဲပိုင်းတွင် တီးတိန်မြို့ကို ရောက်ရှိလာမည်ဖြစ် သောကြောင့် မြို့အဝင် နှင့် လမ်းဆုံလမ်းဂွ များတွင် “ခရိုင်မရ၍ ၀မ်းနည်းစွာ ကြိုဆိုပါသည်” ဟု ရေးသားထာသော ပိုစတာများကိုလည်း ကပ်ထားကြသည်ဟုသိရသည်။
ချင်းပြည်နယ်တွင် ယခင်က ဖလမ်း နှင့် မင်းတပ် ခရိုင် နှစ်ခုသာရှိပြီး တီးတိန်၊ တွန်းဇံ၊ ကျီခါး၊ ဟားခါး၊ ထန်တလန် မြို့နယ် များသည် ဖလမ်းခရိုင် ထဲပါရှိသည်။
ဖလမ်း နှင့် ဟားခါး မြို့သည် ၄၂ မိုင်ခန့်ကွာဝေးပြီး၊ တီးတိန် နှင့် ဖလမ်းသည် မိုင် ၁၀၀ ခန့်ကွာဝေး သည်။ မိုင်အား ဖြင့် ပိုမိုကွာဝေးသော တီးတိန်ကို ခရိုင်မပေးဘဲ မိုင်ပေါင်း ၄၀ အကွာအဝေး သာရှိသော ဟားခါးကို ခရိုင်ပေး ခြင်းသည် မသင့်လျှော်ကြောင်း ကိုထန်ပီးကပြောသည်။
တီးတိန်ပြည်သူများသည် ဆိုင်ခန်းပိတ်ဆန္ဒဖော်ထုတ်မှုအပြင် ငြိမ်းချမ်းစွာ လမ်းမပေါ် ချီတက်ဆန္ဒပြ မှုများကိုလည်း ဆက်လက်ပြုလုပ်မည်ဟုသိရပြီး ဆန္ဒပြခွင့်ကို အထက်အာဏာပိုင်များထံ တောင်းဆို သွားမည်ဟုသိရသည်။