ပြည်ပရောက် ဇိုမီး(ချင်း)လူမျိူးစုများမြန်မာ့သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်မည်

ပြည်ပရောက် ဇိုမီး(ချင်း)လူမျိူးစုများမြန်မာ့သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်မည်
by -
ခိုနူမ်းထုန်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများထဲတွင် ဇိုမီး လူမျိုးပါ၀င်ခြင်းမရှိဟု ပြောဆိုခဲ့ခြင်းကြောင့် သြစတေးလျ၊ မလေးရှား နှင့် ထိုင်းနိုင်ငံရောက် ဇိုမီးမျိုးနွယ်စုများက သက်ဆိုင်ရာ နိုင်ငံရှိမြန်မာ့သံရုံးများတွင် ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။

မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြုစုထားသော လူမျိုး ၁၃၅ မျိုးထဲတွင် ဇိုမီးလူမျိုး မပါ၀င်ဟု ဆိုပြီး ဇိုးမီးအမျိုးသားကွန်ကရက်ပါတီ(ZNC) အမည်ဖြင့် နိုင်ငံရေးတည် ထောင်ခွင့်လျှောက် ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မကြာသေးခင်ရက်ပိုင်းအတွင်း ပယ်ချခဲ့သည်။

ပြည်ပရောက် ဇိုမီးလူမျိုးများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ZNC ပါတီတည်ထောင်ခွင့်ပြုခြင်း မပြုခြင်းထက် ဇိုမီးလူမျိုး မြန်မာနိုင်ငံတွင်မရှိကြောင်း ပြောဆိုလိုုက်သည့်အပေါ် ကန့်ကွက်ကြောင်း ယခုကဲ့သို့ ဆန္ဒဖော်ထုတ် ရန် စီစဉ် နေကြခြင်းဖြစ်သည်။

Australian Zomi Community မှ ပြောခွင့်ရပုဂ္ဂိုလ် ပူးဇိုးခိုင်က “ZNC ပါတီကို Registration မပေးတဲ့အတွက် ကြောင့် ဆန္ဒပြခြင်းမဟုတ်ဘဲ ဇိုမီးမျိုးနွယ်စုကို မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးနွယ်စုစာရင်းမှာမရှိဘူး ဆိုတဲ့ မှားယွင်းတဲ့ဖော်ပြ ချက်ကြောင့် ဆန္ဒပြမှာဖြစ်တယ်’’ ဟုပြောသည်။

ဆန္ဒပြပွဲကို မေလ ၂၈ ရက်နေ့တွင် သြစတေးလျနိုင်ငံ Canberra မြို့၊ မလေးရှား နှင့် ထိုင်းနိုင်ငံ ရှိ မြန်မာသံရုံးရှေ့တွင် တပြိုင်နက်တည်း ချီတက်ဆန္ဒပြကြမည်ဟုသိရသည်။

ဦးကျင့်ရှင်းထန်းဦးဆောင်သော ZNC ပါတီသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဇိုမီးအမျိူးသား ကွန်ကရပ် ပါတီ အမည် ဖြင့် ချင်းပြည်နယ် မဲဆန္ဒ ၂ နေရာတွင် အနိုင်ရခဲ့သလို ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ CRPP အဖွဲ့တွင်လည်း ပါ၀င်ခဲ့ခြင်းသည် ဇိုမီးလူမျိုးများ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများတွင်ပါ၀င် ကြောင်း သက်သေပြနေ သည်ဟု ပူးဇိုးခိုင် ကပြောသည်။

ထို့ကြောင့် မြန်မာအစိုးရအနေဖြင့် ဇိုမီးမျိုးနွယ်စုအပါအဝင် တိုင်းရင်းသားလူမျိုးများ ရပိုင်ခွင့် နှင့်လွတ်လပ် ခွင့်ကို လေးစားအသိအမှတ်ပြုရမည်ဟု ပူးဇိုးခိုင်ကပြောသည်။

“ ယူနီယံမြန်မာက ဒီမိုကရက်တစ် ဂိုလ်းကို ဦးတည်နေတယ်ဆိုရင် မြန်မာပြည်မှာ ဇိုမီးမျိုးနွယ်စု တခုတည်း မဟုတ်ဘဲ နဲ့ အားလုံးကို လွတ်လပ်ခွင့်အပြည့်အဝရှိတယ်၊ သူတို့အားလုံး အချင်းချင်း လေးစားမှုရှိဖို့ ဆိုပြီး အစိုးရကနေ ကျေညာပေးရမယ်’’ ဟုပြောသည်။

ZNC ပါတီသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်နှင့်အတူ ဆယ်စုနှစ် ၂ ခုကျော် အတူတကွလက်တွဲလာကြသောပါတီဖြစ်ပြီး ယခုကိစ္စတွင်လည်း NLD ပါတီအနေဖြင့် ဇိုမီးလူမျိူးများ မြန်မာနိုင်ငံတွင် တည်ရှိကြောင်း ထောက်ခံပေးရန်လည်း တောင်းဆိုမည်ဟု ဆက်ဆိုသည်။

Most read this week