ချင်းပြည်နယ်အထက်ပိုင်း ကျီခါးမြို့နယ်ခွဲအိန္ဒိယ-မြန်မာနယ်စပ် Tualkhiang ကျေးရွာမှ ၆ နှစ် အရွယ် ကလေးငယ် ၃ ဦးတို့သည် မတ်လ ၂ ရက်နေ့ကတည်းက ပျောက်ဆုံးသွားပြီး ယခုချိန်ထိ ရှာမတွေ့ကြသေး ကြောင်း သိရသည်။
အိမ်ခြေ ၂၀၊ လူဦးရေ ၁၀၀ ကျော်ရှိသည့် Tualkhiang ကျေးရွာတွင် ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က တဖက် မဏိပူရ်ပြည်နယ်မှ ကုန်တင်ကားတစီးဝင်ဆိုက်လာပြီး ကားသမားတွေမရှိချိန်မှာ ကလေးငယ် ၃ ဦးသည် စားသောက်စရာ များကို ခိုးယူ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ဇိုမီးလူ့အခွင့်အရေးဖောင်ဒေးရှင်းမှ ကိုမင်းထန် ကပြောသည်။
“ ကားသမားတွေမရှိခိုက်မှာ ကားပေါ်က စားစရာတွေကို ကလေးတွေယူနေတာ ကားသမားတွေ လို့အိန္ဒိယ စစ်သားတွေကို ဖမ်းခိုင်းမယ်ဆိုပြီး ဟောက်လိုက်တယ်၊ ကလေးတွေ ကြောက်ပြီး ထွက်ပြေးသွားတာပါ” ဟု ကိုမင်းထန်ကပြောသည်။
မတ်လ ၄ ရက်နေ့က ကလေးငယ်သုံးဦးကို ရှာဖွေသည့် Tual Khiang ရွာအနီး Haicin ရွာသားများ စီးလာသည့် ကား တိမ်းမှောက်ပြီး ၅ ယောက် ဒဏ်ရာပြင်းထန်စွာရရှိကြသည်ဟု ထပ်မံသိရသည်။
“ သူတို့ကလေးလိုက်ရှာပြီး ပြန်လာတဲ့ချိန်မှာ မဏိပူရ်ဘက်ကနေ Haicin ကျေးရွာဘက်ကို လာတဲ့ ၄၀၇ ကုန်တင်တစီး ပေါ်လိုက်သွားကြတယ်၊ ကား ဘရိတ်ပေါက်ပြီး လမ်းအောက်ဘက်ကို လိမ့်ကျသွားတယ်၊ ဒဏ်ရာပြင်းထန်တဲ့ ၅ ယောက် ကို Lamka ဆေးရုံးကိုပို့လိုက်ကြတယ်” ဟု ကိုမင်းထန်ကပြောသည်။
Tualkhiang ကျေးရွာသည် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် နှင့် ချင်းပြည်နယ် ကျီခါးမြို့အကြားတည်ရှိသော နယ်စပ် ကျေးရွာတရွာဖြစ်သည်။ ကလေးငယ် ၃ ဦးပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များထံ အကြောင်းကြား ခြင်းမရှိသေးကြောင်းသိရသည်။