ချင်းပြည်နယ်မြောက် ပိုင်း တီးတိန်မြို့ပေါ်တွင် စီအဲန်အက်ဖ် မှ ဆက်ဆံရေး ရုံးဖွင့် လှစ်မည့် အပေါ် တီးတိန် မြို့နယ် ချင်းအမျိုးသား ပါတီကော်မီတီ က ကြို ဆိုထောက်ခံ သည်ဟု သတင်း ရရှိ သည်။
စီအဲန်ပီ ဥက္ကဌ ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပူး ဇိုဇမ်းဦးဆောင်သည့် ၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့ မြို့နယ် အဆင့် အစည်းအဝေးဆုံးဖြတ်ချက် ၁ နှင့် ၃ အရ တီးတိန်မြို့နယ် မှ စီအဲန်ပီ ပြည်သူ့ ကိုယ်စားလှယ်များအပါအဝင် စီအဲန်ပီ ပါတီဝင်အားလုံးက ကြိုဆိုထောက်ခံကြောင်း စာအမှတ် ၁/၂၀၁၂ (ရက်စွဲ ၊ ဇန္နဝါရီ ၃၁ /၂၀၁၂) အရ သဘော ထားထုတ်ပြန်ထားသည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး တီးတိန်မြို့နယ် ချင်းအမျိုးသားပါတီ ဥက္ကဌ ဦး ကမ်ဇဒါးလ် က “ တချို့ ပုဂ္ဂိုလ် တွေက ဒီ သဘောတူညီချက်ကို ကန့်ကွက်တာရှိတယ်၊ ကျတော်တို့ အနေနဲ့က ဒီအချိန်မှာ “ချင်း” လူမျိုး အချင်းချင်း ကန့်ကွက် တာမျိုး မလိုချင်ဘူး၊ တော်လှန်ရေးကာလမှာ ဆုံးရှူံးနစ်နာမှုတွေ ရှိနိုင်တာပဲ၊ အဲဒါ တိုင်းရင်းသား လက်နက်ကိုင် အားလုံး ကြုံခဲ့ကြတဲ့ ဥစ္စာပါ” ဟု ပြောသည်။
ဆက်လက်ပြီး ယခုလို အပြောင်းအလဲကာလမှာ အနာဟောင်းတွေ ပြန်ဆွနေမည့်အစား လက်တွဲလုပ် ဆောင်နိုင်မည့် နည်းလမ်းတွေကို ရှာကြဖို့အချိန်တန်ပါပြီလို့ ခံယူကြောင်း ဆက်ဆိုသည်။
ဇန္နဝါရီလ ၅- ၆ ရက် ချင်းပြည်နယ်အဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် စီအဲန်အက်ဖ် ငြိမ်းချမ်းရေးအဖွဲ့ သဘော တူညီချက်အရ တီးတိန်၊ ထန်တလန်၊ မတူပီမြို့များတွင် ဆက်ဆံရေးရုံးများဖွင့်လှစ် မည့်အပေါ် ထန်တလန် နှင့် မတူပီ ဒေသခံများ အား ပေးထောက်ခံကြောင်းသိရသည်။
“ ငြိမ်းချမ်းရေးအတွက် စီအဲန်အက်ဖ်နဲ့ အစိုးရတို့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးပါ တယ်၊ ကျတော်တို့က စီအဲန်အက်ဖ် ဘယ်တော့ ရုံးလာဖွင့်မလဲဆိုတာပဲ စောင့်နေကြတာ၊ ငါတို့ သားသမီးတွေ မျက်နှာမြင် ချင်တာလည်း ပါတာ ပေါ့ ” ဟု မတူပီ မြို့ပေါ်မှ လူကြီးတဦးက ပြောသည်။