ဇန်နဝါရီ ၆ ရက်နေ့က ပြည်နယ်အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အရ ချင်းအမျိုး သားတပ်ဦး (CNF)က ၄င်းတို့၏ တပ်မတော်တပ်ဖွဲ့များကို ချင်းပြည်နယ်အတွင်း စခန်းချပြောင်းရွှေ့ရန် ပြင်ဆင် နေပြီဟုသိရသည်။
ချင်းအမျိုးသားတပ်မတော်မှ ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဟရန်းသင်ထိုက် နဲ့ ဒုတိယ ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်မှူး သန်းထွန်းတို့ ဦးဆောင်သော CNA တပ်ဖွဲ့တချို့သည် ချင်းပြည်နယ် ပလက်ဝ နဲ့ ထန်တလန်မြို့နယ်အတွင်း စခန်းချရန် ပြီးခဲ့သည့် အပတ်က အိန္ဒိယ-မြန်မာနယ်စပ်ကနေ ထွက်ခွါသွားကြ သည်ဟု CNF တွဲဖက်အထွေထွေအတွင်း ရေးမှူး(၁) ပူးပေါလ်စီထာက ယခုလိုပြောပြ သည်။
“ ကျနော်တို့ ပြည်နယ်အစိုးရနဲ့ ပြောတုန်းက တီးတိန်၊ထန်တလန်၊ ပလက်ဝမြို့နယ်အသီးသီးမှ ကျေးရွာအုပ်စု ၂ နေရာ တွင် နေရာချထားဘို့ သဘောတူထားတယ်၊ အဲဒီသူတို့ပေးတဲ့နေရာ၊ ညွန်းတဲ့နေရာမှာ စခန်းသွားချ ဖို့ သူတို့သွားတာ ဖြစ်တယ်”
မြန်မာအစိုးရကို ၂၃ နှစ်ကြာ လက်နက်ကိုင် ဆန့်ကျင်တော်လှန်ခဲ့တဲ့ CNF သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့က အစိုးရနဲ့ ငြိမ်းချမ်းရေးသဘောတူလက် မှတ်ရေးထိုးလိုက်ကြပြီး ချင်းပြည်နယ် တီးတိန်၊ ထန်တလန် နဲ့ ပလက်ဝမြို့နယ် တို့တွင် တပ်စခန်းချရန် နဲ့ ဆက်သွယ် ရေးရုံးထားရှိရန် သဘောတူခဲ့ကြသည်။
CNA တပ်ဖွဲ့သည် ယခင်က မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊တောင်ပိုင်းတိုင်း နှင့် အနောက် တောင်တိုင်း ဖြင့် ခွဲထားပြီး အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်တွင် အခြေစိုက်လှုပ်ရှားခဲ့ကြသည်။
သို့သော်လည်း ဇန်နဝါရီ ၁၈ မှ ၂၁ အထိ ကျင်းပသော စီအဲန်အေ တပ်မှူးများအစည်းအဝေးတွင် တပ်မတော် တပ်ဖွဲ့ကို ဗျူဟာ ၁၊ ၂၊ ၃ ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။
“ ကျတော်တို့ သုံးနေရာကို တပြိုင်တည်း နေရာချထားဖို့က သွားရေးလာရေး၊ ရိက္ခ စုဆောင်းရေး အခက် အခဲတွေ ရှိနေ သေး လို့ အနီးစပ်ဆုံးနေရာတွေကို အရင်ဦးစားပေးရွေ့နေရတာဖြစ်တယ် ” ဟု စစ်ရုံးချုပ်မှ တာဝန်ရှိ တဦးက ပြောသည်။
CNA တပ်စခန်းကို ပလက်ဝမြို့နယ် ကုန်ပင်ကျေးရွာအုပ်စု၊ ပထိန်တလန်ကျေးရွာအုပ်စု၊ ပါရာကျေးရွာ အုပ်စု ၊ ထန်တ လန်မြို့နယ် တလန်ပီးကျေးရွာအုပ်စု၊ ဒေါန်ကျေးရွာအုပ်စု၊ ဇန်တလန်ကျေးရွာအုပ်စု၊ တီးတိန်မြို့နယ် ဇိမ်ပီးကျေးရွာအုပ်စု ၊ ဘုတ်ဖိရ်ကျေးရွာအုပ်စုတို့တွင် ထားရှိမည်ဟုသိရသည်။
ထန်တလန် နဲ့ ပလက်ဝ မြို့နယ်တွင် CNA တပ်စခန်းချမည့်ကိစ္စကို ဒေသခံလူထုမှ ကန့်ကွက်မှုများ မရှိသော် လည်း တီးတိန်မြို့နယ်မှာမူ ဒေသခံများက ကန့်ကွက်မှုများရှိနေသည်။