သစ်တော ၀န်ထမ်း တဦးလဒ်စားမှုကြောင့် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လန်မြို့နယ်ရှိ ခိုနူမ်းထုန်တောင် (Mt. Victoria ) ရှိ အဖိုးတန်သစ်တောထွက်ပစ္စည်းများ၊ အဖိုးတန်တောရိုင်း တိရိစ္ဆာန်များတနေ့ထက် တနေ့ပြုန်းတီးနေသည်ဟု သတင်းရရှိသည်။
ခိုနုမ်းထုန်ခေါ် နတ်မတောင်ကို အမျိုးသားဥယာဉ်ဟု အစိုးရက တရားဝင်ဘေးမဲ့တော အဖြစ် သတ်မှတ်ခဲ့ သော်လည်း သစ် တော ၀န်ထမ်း တောကြပ်အဆင့်ရှိသူ ဦးဟုန်းမန်က နှစ်စဉ်နှစ်တိုင်း ငွေကြေးကောက်ပြီး ဒေသခံများအား အဖိုးတန် သစ်ခွ များ မှောင်ခို ခူးယူခွင့်၊ အဖိုးတန် တော တိရိစ္ဆာန်များ သတ်ပစ်အမဲ လိုက်ခွင့်ပြုထားခြင်းကြောင့် ဖြစ်ကြောင်း ဒေသခံ များက ပြောကြ သည်။
“ မြို့မိမြို့ဖတွေ၊ ဌာနဆိုင်ရာလူကြီးတွေကတော့ တားပါတယ်၊ သူက ပြည်နယ်ဝန်ကြီးချုပ်၏ အရှိန် အဝါနဲ့ ပြန်လည် ချေပတယ်၊ ၀န်ကြီးချုပ်အာဏာကို အလွဲသုံးစားလုပ်တာပေါ့” ဟု ဒေသခံတဦးက သတင်းပေး သည်။
တဆက်တည်း ၀န်ကြီးချုပ်ကိုယ်တိုင် ကိုယ်ဇာတိမြေကို လာပြီး နတ်မတောင်ကိုလာရောက်ဆုံး မမှရမှာပါ ဟု ဆက်ဆို သည်။
ထို့အပြင် ဦးဟုန်းမန်သည် ကန်ပက်လက်ဒေသခံများထံမှ ဆပ်ချို ၊ ပြောင်ချို ၊ ကျီသားရေ၊ သစ်ခွ နှင့် တခြား သစ်တော ထွက်ပစ္စည်းများကို အဓမ္မ ဖမ်းယူ သိမ်းဆည်းပြီး မိမိကိုယ်ကျိုးအတွက် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။
ဦးဟုန်းမန်သည် လက်ရှိ ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင်နှင့် ဆွေမျိုးတော်စပ်သူဖြစ်ကြောင်း သို့သော် ယင်းကိစ္စကို ၀န်ကြီးချုပ်ကိုယ်တိုင်သိရှိမည်မဟုတ်ကြောင်းလည်း ခေါ်နူးစုမ်ကိုတန်းဖိုး ထားသူများအဖွဲ့မှ လူငယ်တဦးက ပြောသည်။
နတ်မတောင်အမျိုးသားဥယာဉ်သည် အဖိုးတန်သစ်ခွများစုံလင်ပြီး တောတိရိစ္တာန်မျိုးစုံ ကျက်စားရာ မြန်မာ နိုင်ငံအမြင့်ဆုံး စာရင်းဝင်တောင်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ပြည်တွင်းပြည်ပမှ ဧည့်သည်များလာ ရောက်လည် ပတ်လျက်ရှိသည်။